အစားအသောက်လုံခြုံရေးပညာပေးဆောင်းပါး

You are currently viewing အစားအသောက်လုံခြုံရေးပညာပေးဆောင်းပါး
Food Security Awareness Article
🍅“ခက်ခဲသည့်အချိန်ကာလ ပြည်သူများသည် အစားအသောက်လုံခြုံရေးဆိုင်ရာ အသိပညာကိုရရှိပြီး ဒေသတွင်း အစားအသောက်များကို ကိုယ်ထူကိုယ်ထ စိုက်ပျိုး ထိန်းသိမ်းလာနိုင်မည်။”
 
🍅လက်ရှိမြန်မာနိုင်ငံ၏ အစားသောက်လုံခြုံရေးသည် ကြီးမားသော စိန်ခေါ်မှုဖြစ်နေကြောင်း အစားအသောက်နှင့် စိုက်ပျိုးရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည့် (UN Food & Agriculture Organization) ၏ ထုတ်ဖော်မှု မှတ်တမ်းအရ သိရှိရပါသည်။ ကမ္ဘာ့နိုင်ငံ လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ လက်ရှိအစားအသောက် ရှားပါးမှု၊ မလုံလောက်မှု ပြင်းထန်မှုအခြေအနေသည် မြန်မာနိုင်ငံတွင် ဖြစ်တောင့်ဖြစ်ခဲ ရင်ဆိုင်ရသည့် အရေအတွက်ဖြစ်ပြီး ၂၀၂၃ နှောင်းပိုင်းတွင် မြန်မာနိုင်ငံ၏ လူဉီးရေ၏ (၂၈) ရာခိုင်နှုန်းနီးပါး၊ ၁၅သန်းကျော်သော လူဉီးရေသည် အစာရေစာ မလုံလောက်မှု အခြေအနေနှင့် ဆင်းရဲဒဏ်ကို ခံစားလာနိုင်ကြောင်းနှင့် ယခုအခြေအသည် ၂၀၂၁ ၏ အခြေအနေထက် ၅ ဆထိ မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။
 
🍅 ထိုသို့ ဖြစ်ရခြင်းအကြောင်းတရားများတွင် ပြည်တွင်းစစ်ပြင်းထန်ခြင်း နှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လယ်ယာမြေ စိုက်ပျိုးသည့် လူထုများသည် စစ်ဘေးဒုက္ခသည်အဖြစ် ပြောင်းရွေ့နေထိုင်ရသောကြောင့် စိုက်ပျိုးမြေမြေစွန့်ပစ်မှု များပြားလာခြင်း၊ ၎င်း၏ နောက်ဆက်တွဲ အကျိုးဆက်များမှာ အခြေခံ အစားအသောက်ထုတ်လုပ်မှု ကျဆင်းသွားခြင်း၊ စားသောက်ကုန် သယ်ယူပို့မှုစနစ် ခက်ခဲလာခြင်း၊ ပြတ်တောက်လာခြင်း၊ ကိုဗစ်ကပ်ရောဂါ၏ တက်ရောက်မှုများကြောင့် နိုင်ငံတွင်း စီးပွားရေးကျဆင်းခြင်း၊ ပြည်တွင်းထုတ်ကုန်၊ သွင်းကုန် (GDP) မညီမျှခြင်း၊ နောက်ဆက်တွဲ ပြဿနာများအနေဖြင့် အခြေခံ စားသောက်ကုန်ပစ္စည်း စျေးမြင့်တက်လာခြင်း၊ ကုန်စည်စျေးနှုန်းများ တည်ငြိမ်စွာ ထိန်းချုပ်နိုင်မှု မရှိခြင်း၊ အစာအဟာရ ဖူလုံမှု မရှိခြင်း၊ အလုပ်အကိုင်ပိုမိုရှားပါးလာခြင်းများ ဖြစ်ပေါ်စေပါသည်။
 
🍅ထိုနည်းတူစွာ အခြားစိန်ခေါ်ချက်အနေဖြင့် လူသားများ ဖန်တီးသည့် ပြင်းထန်သော ရာသီဥတုဖောက်ပြန် ဆိုးရွာမှုဖြစ်ပေါ်ခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများတွင် ၎င်း၏ အကျိုးဆက်အဖြစ် စိုက်ပျိုး‌ရေးထွက်နှုန်းအပေါ် ပြင်းထန်စွာ တက်ရောက်နိုင်ပြီး စိုက်ပျိုးမြေများ ယိုယွင်းပျက်စီးစေနိုင်ကြောင်း ထောက်ပြထားသည်ကိုလည်း တွေ့ရပါသည်။
 
🍅ကချင်ပြည်နယ်တွင်းသာမက၊ မြန်မာနိုင်ငံ‌ဒေသတွင်း ကျေးလက်နေလယ်သမား လူထုအများစုမှာ ဆန်စပါး နှင့် အခြား ကောက်ပဲသီးနှံ စိုက်ခင်းလုပ်ငန်းအတွက် ပုံစံအမျိုးမျိုးဖြင့်ချေးငွေရယူပြီး စိုက်ပျိုးရသည့်အတွက် လယ်ယာနှင့် သီးနှံစိုက်ခင်း ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်ရေရှားပါးမှု၊ ရေကြီးရေလျှံမှုများကြောင့် ထွက်နှုန်းကျလာခြင်း၊ လုံးဝပျက်စီးသွားခြင်း စသည့် အခြေအနေများ ရင်ဆိုင်နေရကြောင်း တွေ့ရှိလာရပါသည်။
 
🍅ယခုလိုအခြေအနေတွင် အခြေခံလူထု၏ စားဝတ်နေရေး ခက်ခဲမှုနှင့်၊ အစာအသောက်မလုံခြုံမှု ကြီးမားသည့် အခြေအနေကို လျော့ချနိုင်ရန်နှင့် ဆိုးရွားသော အစာအဟာရပြတ်လတ်မှု တရှိန်ထိုးမြင့်တက်လာခြင်းကို တားဆီးနိုင်ရန် အ‌ရေးပေါ်ဆောင်ရွက်ရန် လိုအပ်နေသည့် အခြေအနေဖြစ်ပါသည်။
🍅ထိုသို့ အစားအသောက်မလုံခြုံမှုသည် မရွယ်မရောက်သေးသော က‌လေးငယ်များ အစာအဟာရ ချို့ယွင်းခြင်း၊ ကျန်းမာရေး ထိခိုက်လာခြင်း နှင့် သေဆုံးမှု များပြားလာခြင်းကို ဖြစ်ပေါ်စေပါသည်။ ကိုယ်ဝန်ဆောင်မိခင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအပေါ်လည်း လိုအပ်သည့် ကိုယ်ခန္ဓာ အာဟာရ ချို့ယွင်းလာခြင်းနှင့် ကျန်းမာရေးကို ထိခိုက်လာခြင်းများ ဖြစ်ပေါ်စေပါသည်။
 
🍅၎င်းအခြေအနေကို တားဆီးနိုင်ရန် လူထုအတွင်း အစားအသောက် လုံခြုံရေး အကြောင်းကို သိရှိနားလည်လာရန် လုပ်ဆောင်ချက်များလိုအပ်နေပြီး ထိုသို့ သိရှိပြီး လူမှုနေထိုင်စာသောက်မှုပုံစံများ တိုးတက်လာစေရန် အိမ်ထောင်စုတစ်ခုချင်းစီ သော်လည်းကောင်း အစာအဟာအရ မျှတသော စားဝတ်နေရေး အစီအစဉ်ချမှတ်ခြင်း၊ ရပ်ရွာ လူထုအသိုင်းအဝန်းအားဖြင့် သော်လည်းကောင်း အားလုံးပါဝင်ပြီး လူထုအခြေပြု တနိုင်တပိုင် အခြေခံအစားသောက်များ ပြတ်လပ်မှုမရှိစေရန်၊ ရပ်ရွာစုပေါင်း စိုက်ခင်းများ၊ တနိုင်တပိုင် ဟင်းသီးဟင်းရွက်ခြံများအပြင် သီးနှံပင်ကြီးများ ကြားတွင် ရာသီ ကိုက်ညီသည့် ရေတို ဟင်းသီးရွက်အမျိုးအစားများစိုက်ပျိုးခြင်းများ ဆောင်ရွက်စေခြင်း၊ အိမ်တွင်း ဟင်းသီးဟင်းရွက်၊ သီးနှံ ဥယဉ်ခြံ ပံ့ပိုးပေးခြင်းအားဖြင့် လူထု အစားအသောက် ဖူလုံလာစေရန်၊ လုံလောက်သည့် အစာအဟာအရများကို မျှတစွာ စားသောက်တတ်လာစေရန် ပံ့ပိုးပေးခြင်း၊ စားသောက်နေထိုင်မှုပုံစံ မှန်ကန်လာစေရန် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။
 
🍅ယခုကဲ့သို့သော အိမ်တွင်းသီးနှံ၊ ဟင်းရွက်စိုက်ခင်းများ ရာသီအလိုက် စိုက်ပျိုးမှုများ လုပ်ဆောင်ခြင်းအားဖြင့် လူထုအတွက် ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာမည့် အစားသောက် မလုံခြုံမှုနှင့် အစာအဟာချို့တဲ့ခြင်း ကို တားဆီးလျော့ချ နိုင်မည်ဖြစ်ပါသည်။ ထိုသို့ တားဆီးလျော့ချနိုင်ရန် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထား မှု ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာဖူလုံမှု ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အတတ်ပညာရှင်များ (agronomists, water engineers and nutritionists) နှင့် သက်ဆိုင်ရာ တာဝန်ရှိ ‌ဒေသန္တရ အစိုးရ အဖွဲ့အစည်းများ အဆင့်ဆင့်များမှ အောက်ပါ ချည်းကပ်မှုများ ပံ့ပိုး လုပ်ဆောင်သင့်ပါသည်။
 
1️⃣ ရွေ့ပြောင်းလုပ်သား အသိုင်းအဝန်းနှင့် ပြည်တွင်း စစ်ရှောင်စခန်း လူနေထူထပ်သည့် ပတ်ဝန်းကျင်နှင့် ကိုက်ညီသော လုပ်ဆောင်ချက်ဖြစ်သည့် မြို့ပြအိမ်တွင်းစိုက်ခင်းစိုက်ပျိုးခြင်း ဥပမာ- အိမ်ခေါင်မိုးပေါ် စိုက်ပျိုးခြင်း၊ စွန့်ပစ်ပစ္စည်း ဘူးခွံများ အသုံးပြုကာ စိုက်ပျိုးစင်/တန်းလျား များ ပြုလုပ်ပြီး စိုက်ပျိုးခြင်း (urban gardening or hydroponic garden) များ လုပ်ဆောင်တတ်လာစေရန် နည်းပညာ၊ လုပ်ငန်းနှင့် ငွေကြေးအရင်းအနှီးများ ပံ့ပိုးခြင်း
 
2️⃣ ရပ်ကွက်နေလူထုနှင့် ကျေးလက်နေ မိသားစု အိမ်ခြံဝင်း (အိမ်နောက်ဖေး) တွင် စိုက်ပျိုးခြင်း (home garden)၊ ကျောင်းဝင်းတွင် အာဟာရဖြစ်စေသည့် သီးနှံစိုက်ခင်း (school garden) များ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လုပ်ဆောင်လာနိုင်ရန် ပံ့ပိုးမြင့်တင်ပေးသည့် အစီအစဉ်များ ဆောင်ရွက်သင့်ပါသည်။
 
3️⃣ မိသားစုတိုင်း အစာအာဟာရမျှတစွာ စားသောက် နေထိုင်တတ်လာစေရန် အသိပညာ ဟောပြောပွဲ၊ သင်တန်းများကို လက်တွေ့အသုံးချတတ်လာစေရန်နှင့် ကိုယ်ထူကိုယ်ထ အဟာရ စိုက်ခင်းစိုက်ပျိုးခြင်း နည်းလမ်းများ လုပ်ဆောင်တတ်လာပြီး အစာအဟာရ ပြတ်လပ်ခြင်း၊ မလုံ‌လောက်ခြင်း စိန်ခေါ်ချက်များ ကို လျော့ချနိုင်ရန် လုပ်ဆောင်သင့်ပါသည်။
 
4️⃣ ထို့အပြင် ကလေးငယ်များနှင့် အမျိုးသမီးများအား အစာအဟာရ မျှတစွာ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံ၊ ကျန်းမာရေးများ ပြုပြင်ပြောင်းလဲလာနိုင်ရန် စိုက်ပျိုးရေးနှင့် အာဟာရ ဆိုင်ရာ အသိပညာပေးသင်တန်းများကို ပူးတွဲဆောင်ရွက်ခြင်း၊ စားနှပ်ရိက္ခာနှင့် အဟာရဖူလုံရေးကို အထောက်အကူပြုစေရန် အဟာရဆိုင်ရာ အတတ်ပညာရှင်များနှင့် ချိတ်ဆက်ကာ အာဟာရ အကြောင်းနှင့် အာဟာရချို့တဲ့ခြင်း၏ လက္ခဏာများအကြောင်း ရှင်းလင်းသင်ကြားပေးခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်း၊ အစာအာဟာရ အုပ်စုကြီး သုံးခု အကြောင်း နှင့် မှန်ကန်သည့် ချက်ပြုတ်မှု ပုံစံများ အသိပညာပေး ဆောင်ရွက်ပေးသင့်ပါသည်။
 
🍅လက်ရှိ ကချင်ပြည်နယ်ရှိ ကျေးလက် အိမ်ထောင်စု အများစုသည် စစ်ဘေးကြောင့် တိမ်းရှောင်နေရပြီး၊ ကျေးရွာ အိမ်ထောင်စု အချို့သာ နေရပ်ပြန် ပြီး ပြန်လည်ထူထောင်ရေးကို ခက်ခဲစွာ လုပ်ဆောင်နေရပြီး၊ အချို့မှာ တစ်ဖန်ပြန်လည် စစ်ဘေးတိမ်းရှောင်နေရသည့် အခြေအနေ ကို ရင်ဆိုင်နေရပါသည်။ ထို့အတွက် စားနပ်ရိက္ခာ လုံလောက်ဖူလုံ ရရှိမှု မရှိသည့်အပြင်၊ သင့်သင့် မျှတပြီး အရည်အသွေးမြင့် သည့် အခြေခံအစားသောက်လက်လှမ်းမှီမှု မရှိနေသည့် အခြေအနေကိုလည်း ထပ်မံကြုံတွေ့ နေရပါသည်။ ထိုသို့ အခက်အခဲအတွက်လည်း ဒေသအတွင်း အရေးပေါ် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မည့် လူထုဆိုင်ရာ လုပ်ငန်း အဆောက်အဦး ပံ့ပိုးပေးခြင်း၊ လူထုအခြေပြု ဆန်စပါးနှင့် သီးနှံစိုက်ခင်းများ စတင်လာနိုင်ရန် လုပ်ဆောင်ပေးခြင်းအပြင် လိုအပ်သည့် နည်းပညာပိုင်းနှင့် ထုတ်ကုန်လုပ်ငန်း အဆင့်ဆင့်အတွက်လည်း စနစ်စကျ ပံ့ပိုးပေးခြင်းများ လိုအပ်နေသည်ကို တွေ့ရှိရသည်။
 
🍅ဒေသနှင့် ရာသီအလိုက် ကိုက်ညီသော အသီးအနှံမျိုးစေ့များ ကူညီပံ့ပိုးခြင်း၊ အိမ်နောက်ဖေး ဥယဉ်ခြံ နေမြေလွတ်များရှိသည့်အတွက် အိမ်တွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း နှင့် လယ်ယာစိုက်ပျိုးခြင်းနှင့် သမရိုးကျ တောင်ယာ လှေကားထစ်စိုက်ပျိုး ခြင်းများ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် အရင်းအနှီးများ (အသေးစား ချေးငွေ နှင့် နည်းပညာ) ပံ့ပိုးသည့် ထောက်ပံ့မှုများ လိုအပ်နေသည်ကို တွေ့ရှိရပါသည်။
 
🍅အချုပ်အားဖြင့် ဆိုရသော် ‌ဒေသတွင်း ရည်ရှည်တည်မြဲပြီး ဖုံလုံသည့် စားနပ်ရိက္ခာစနစ် ဖြစ်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး (Inclusive Stakeholders action) ၏ ချိတ်ဆက် ပါဝင် လုပ်ဆောင်ပေးခြင်းသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်ပါသည်။
 
🍅ထိုသို့လုပ်ဆောင်နိုင်ရန် လူထု တစ်ဉီးချင်းစီမှ အစားအသောက် လုံခြုံမှုဆိုင်ရာ အသိပညာ ဗဟုသုတ ရရှိမှု မြင့်တက်လာရန် လိုအပ်ပြီး အစားအသောက် ချင့်ချိန်အသုံးပြုသည့် အမှုအကျင့်၊ (အစားအသောက် အလဟသမဖြစ်စေရန် နှင့် အလွန်အမင်း စွန့်ပစ်မှု ကိုလျော့ချခြင်း) (avoiding food waste behavior)၊ သင့်တော်ကိုက်ညီပြီး ထောင့်စုံသည့် အစားအသောက်ဆိုင်ရာ ဝင်ငွေရ အသေးစား ဝန်ဆောင်မှု အမျိုးအမျိုး ဖြစ်လာစေရန်မြင့်တင်ပေးခြင်း (diversification)၊ ဒေသတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရန် ပုံမှန်လုံလောက်သည့် ထုတ်ကုန်စွမ်းအားမြင့်တင် ပေးခြင်း (improve infrastructures (human resources, technical, transports, production)၊ ဒေသ အစားအသောက် ကုန်စည်စျေးနူန်းကို ထိန်းညှိပေးခြင်း၊ ဒေသထွက် မူလမျိုးစေ့ ပျိုးပင်များ (native seats) ထိန်းသိမ်းခြင်း၊ သဘာဝမျိုးစိတ် (biodiversity) များ မပျက်စီးစေရန် ထည့်သွင်းဆောင်ရွက်ခြင်း နှင့် သစ်တော၊ ရေ အရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းအားဖြင့် ဥတုရာသီ ဖောက်ပြန်မှုကို လျော့ချခြင်း/ တိုက်ထုတ်ခြင်း စသည့် ချည်းကပ်လုပ်ဆောင်ချက်ကိုလည်း အတူတကွ ဆောင်ရွက်ပံ့ပိုးလုပ်ဆောင်သင့်ကြောင်း လေ့လာတွေ့ရှိမှုကို တင်ပြအပ်သည်။
 
📌📝References
 
Ref: www.fao.org/myanmar
Ref:https://themimu.info/sites/themimu.info/files/documents/Report_Food_Security_and_Nutrition_Information_Scoping_Study_EC_May11.pdf
Ref: https://www.wfp.org/countries/myanmar
 
#foodsecurityawareness
#foodie
#shayichannel