📝အဖွဲ့တစ်ခုမှာ အခုလို နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာလုပ်ဆောင်သူမှာ လက်ချိုးရေတွက်လို့ပင်ရနေတဲ့ ခေတ်ကြီးမှာ ဘယ်လို အကြောင်းအရာတွေကများ ဒီလောက်ကြာအောင် လုပ်ဆောင်စေနိုင်ခဲ့သလဲ။ ဘယ်လိုစိတ်ဓါတ်ခွန်အားတွေနဲ့ ကျော်ဖြတ်ခဲ့ သလဲဆိုတာ ဆရာမရဲ့ နှစ်နှစ်ဆယ်ကျော် အတွေ့အကြုံလေးကို မေးမြန်းထားပါတယ်။
📝ဆရာမ ဒေါ်နန်ရော်ဟာဆိုလို့ရှိရင် ရှမ်းပြည်ဘက်က ကချင်လူမျိုးဖြစ်ပြီး ကချင်ပြည်နယ်တွင် ကြီးပြင်းလာသူဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်ကစပြီး မိဘတွေအလုပ်အကိုင်ကြောင့် ရန်ကုန်မြို့သို့ ထပ်မံပြောင်းရွှေ့နေခဲ့ရတယ်။ ဆရာမမှာ သမီးတစ်ယောက်၊ သားတစ်ယောက်ရဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်း အသင်းတော်ရဲ့ လူငယ်လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ တစ်ဦးဖြစ်တယ်။
📝ဆရာမလုပ်ကိုင်ခဲ့တဲ့ “ငြိမ်းဖောင်ဒေးရှင်း”ကို ၂၀၀၀ခုနှစ်၊ မေလတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဆရာမက အောက်တိုဘာလတွင် စတင်ပြီး လုပ်ငန်းစဉ် တာဝန်ခံ(ပရိုဂရမ် တာဝန်ခံ) ရာထူးဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်တယ်။
👉“စီမံကိန်း နှစ်ခုကို စတင်လုပ်ဆောင်လာခဲ့တယ်။ ပါလီမန်ထရီ ဒီမိုကရေစီအရ အစည်းအဝေးတွေကို ကောင်းကောင်းဦးဆောင် နိုင်ဖို့ စွမ်းရည်မြှင့်တင်ရေးသင်တန်းနဲ့ ငြိမ်းချမ်းရေး ပညာပေးတဲ့ (Peace Building Training) သင်တန်းတွေကို ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်တွေနဲ့ အသင်းတော် တာဝန်ရှိသူတွေကို ပေးခဲ့တယ်။”👈
📝လူမှုအသိုင်းအဝိုင်းထဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းဆိုရင် ဒါကယောင်္ကျားတွေ လုပ်ငန်းလို့ပဲ မြင်ကြခြင်းကြောင့် အသက် (၃၀) ကျော် အမျိုးသမီးတစ်ယောက်က ဦးဆောင်လာချိန်တွင် “ကျွန်မ ဘယ်လောက်သိလဲ၊ တကယ်ပဲ လုပ်နိုင်မလားဆိုတဲ့ စမ်းသပ်ခံရတာတွေ အများကြီးရှိခဲ့တယ်။ ကျွန်မတို့ သင်တန်းပေးတဲ့အခါမှာ သူတို့သိပြီးသားမေးခွန်းတွေနဲ့ ပညာစမ်းပြီး မေးခွန်းမေးတာတွေလည်း ရှိခဲ့ဖူးတယ်။” အဲ့လိုမျိုးကြုံခဲ့ရပေမယ့် နောက်ဆုတ်မသွားဘဲ နည်းပညာပိုင်း အချက်အလက်များဖြင့် ပြန်ရှင်းပြပြောဆိုပြီး ယုံကြည်မှုတည်ဆောက်ယူခဲ့တယ်လို့ဆိုပါတယ်။
👉“ငြိမ်းဖောင်ဒေးရှင်း” မှာ အလုပ်လုပ်တဲ့အခါ ဘူဒိုဇာလိုပဲ၊ ဘူဒိုဇာ ဖြစ်ခဲ့တဲ့အတွက် လမ်းဖောက်ရတာပေါ့၊ သူများတွေ မလုပ်ဖူးတဲ့ဟာကို လမ်းထွင်ရတဲ့ခံစားချက်မျိုး။ ခြုံ၊ နွယ်၊ အပင်ရှိတဲ့လမ်းကို လမ်းကြောင်းဖောက်တာပေါ့။ လမ်းအချော မဟုတ်ရင်တောင် လမ်းအူကြောင်းဖောက်ရတာမို့ ခက်တယ်။ သက်ကြီး၊ ဝါကြီး အများစုကလည်း အမျိုးသားတွေဖြစ်တယ်၊ သူတို့နဲ့ ယုံကြည်မှုတည်ဆောက်ရတယ်။ ခက်ခဲခဲ့ပေမယ့်လည်း ကျော်ဖြတ်နိုင်ခဲ့တယ်။”👈
📝အဖွဲ့မှာ ဆယ်စုနှစ် တစ်ခုလောက်လုပ်လာခဲ့တဲ့အချိန်မှာ စွမ်းရည်ရှိတဲ့ဝန်ထမ်းတွေလည်း ရှိလာတဲ့အခါ မန်နေဂျာရာထူးကို အခြားသူအား လွှဲပြောင်းပေးနိုင်ခဲ့တယ်။ ဆရာမအနေနဲ့ကတော့ ရာထူးနောက်တဆင့်ဖြစ်တဲ့ လက်ထောက်ဒါရိုက်တာ ဖြစ်လာ ခဲ့ပြီး ပရိုဂရမ်ရဲ့ မူဝါဒနဲ့ မဟာဗျူဟာ ရေးဆွဲခြင်းလုပ်ငန်းများကို ဦးဆောင်ခဲ့ရတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွေရှိလာချိန်မှာ အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါ်ဂျာနန်နှင့်အတူ ဆရာမအနေနဲ့က ဒါရိုက်တာ (မူဝါဒနဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ) လုပ်ငန်းကို ပြောင်းလဲ တာဝန်ယူ လာခဲ့ရပါတယ်။
📝အဖွဲ့အစည်းတစ်ခုမှာ ဒီလောက်အကြာကြီး ခံယူချက်(commitment)ရှိရှိနဲ့ လုပ်ဆောင်ဖို့ ဘယ်လိုမျိုး ခွန်အားတွေ၊ တွန်းအား တွေကဖြစ်စေပါသလဲဆိုတော့ ကျွန်မအနေနဲ့ အောင်မြင်မှုလို့ပြောတဲ့အခါမှာ (၄) ချက်ရှိတယ်။ အခက်ခဲတွေကတော့ အများကြီး ရှိတယ်။
📝ပထမ အချက်ကတော့ ကျွန်မတို့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တယ်။ ကျွန်မတို့နဲ့အလုပ်တွဲလုပ်တဲ့ အဖွဲ့တွေက ကျွန်မတို့အပေါ် ယုံကြည်မှုရအောင် လုပ်ရတာမျိုးဖြစ်တယ်၊ နှုတ်နဲ့ပြောယုံနဲ့ကတော့ ယုံကြည်မှုဘယ်ရပါ့မလဲ။ တကယ်ပြောတဲ့အတိုင်း လုပ်တာမျိုး၊ ယုံကြည်မှုနဲ့အတူ ပူးပေါင်းလုပ်ဆောင်မှုရှိရတယ်။ အဲလိုနဲ့ပဲ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်။
📝ဒုတိယ အချက်က စီမံကိန်းအစီအစဉ်(Youth Program) နှစ်ခုကိုခြုံငုံပြီးပြောရမယ်ဆိုရင် လူငယ်တွေရဲ့ နိုးကြား တက်ကြွမှု၊ စူးစမ်းစူးစိုက်မှု၊ အနစ်နာခံမှုတွေနဲ့ နောက်တစ်ခုက သူတို့ရဲ့ ဇွဲလုံ့လအားစိုက်ထုတ်မှု၊ မဆုတ်မနစ်ကြိုးစားမှုတွေဖြစ်တယ်။ တချို့လူငယ်တွေက လက်လျှော့မလားလို့မေးရင် သူတို့က ကျွန်နော်/ကျွန်မတို့ ကြိုးစားဦးမယ်။ လုံ့လဝီရိယနဲ့ ကြိုးစားလုပ် ကြတယ်။ “လူတိုင်းက တော်စရာမလိုဘူးလို့ ကျွန်မ ပြောချင်တယ်၊ လူတိုင်းက တော်တဲ့သူဆိုတာရှားတယ်၊ လုပ်ချင်စိတ်၊ ကိုင်ချင်စိတ် ရှိဖို့လိုတယ်။ သူတို့နှေးရင်နှေးမယ် ဒါပေမဲ့ သူတို့ အဆုံးထိ ဇွဲရှိရှိနဲ့ လုပ်ဆောင်ကြတယ်။”
📝တတိယ အချက်က အဖွဲ့အစည်းတစ်ခုအနေနဲ့ လုပ်ဆောင်တဲ့အခါမှာ ဘယ်လောက်ရည်ရွယ်ချက်ကောင်းတဲ့ လုပ်ငန်းပဲ ဖြစ်ပါစေ ဆင့်ကဲဆင့်ကဲအလိုက် အစီအစဉ်မန်နေဂျာ၊ စီမံကိန်းမန်နေဂျာနဲ့ အဖွဲ့သားတွေဆိုပြီး မရှိရင်မရဘူး။ “သူတို့ရဲ့ ဒီစီမံကိန်းအပေါ်မှာ တကယ်ကို သိပြီးတော့ အားထုတ်တယ်၊ စိတ်စေတနာပြည့်တယ်၊ ဆင့်ကဲတာဝန်ခံမှုတွေ၊ အလုပ်ခွဲဝေမှုတွေ ကောင်းတယ်ဆိုတာ ဒါဟာ အောင်မြင်တာပဲပေါ့။ စီမံကိန်းမန်နေဂျာက အားလုံးကို ထိန်းချုပ်ထားပြီး သူ့အဖွဲ့သားတွေက အလုပ်မလုပ်ရင်လည်း ဘယ်လိုမှ မအောင်မြင်နိုင်ဘူးလေ။”
📝စတုတ္ထ အချက်ကတော့ အဖွဲ့အစည်းမှာ အစီအစဥ်ညှိနှိုင်းရေးမှူးအနေနဲ့ ကျွန်မကစခဲ့တယ်၊ နောက်ပိုင်းတော့ အစီအစဥ်မန်နေဂျာ၊ ပြီးတော့ လက်ထောက် ဒါရိုက်တာ အနေနဲ့ ဆက်လုပ်ခဲ့တယ်။ ကျွန်မတို့ ဒီလိုချဲ့လာတဲ့အခါမှာ ကချင်ကနေ ကယား၊ မွန်၊ ဒါကတော့ ဖွံ့ဖြိုးရေး (Development) ကိစ္စတွေ ဖြစ်တယ်။ ယုံကြည်မှု ပေါင်းစုံ လူငယ်များ (Inter-faith Youth) ဆိုရင်လည်း စတဲ့အခါမှာ ကချင်ပြည်နယ်နဲ့ စခဲ့တယ်။ နောက်ပိုင်းမှာ ဖြည်းဖြည်းချင်း ချဲ့တယ်။ အဓိကတော့ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းပေါ့။ အဲလိုချဲ့ထွင်တဲ့အခါမှာ ဒီနံပါတ်လေးအချက်က ကျွန်မ ပရိုဂရမ်မန်နေဂျာသော်လည်းကောင်း၊ လက်ထောက် ဒါရိုက်တာအနေနဲ့သော်လည်းကောင်း သုံးသပ်ပြီး လုပ်သင့်တယ် ဆိုပြီးတော့ ကျမတို့က သုံးသပ် (Analysis)ခဲ့တယ်။ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ချဖို့အတွက် ကျွန်မတို့က ဒါရိုက်တာကို တင်ရတယ်။ ဆရာကြီး (Rev. Dr. Lahtaw Saboi Jum) ကိုယ်တိုင်က ဒီသုံးသပ်ချက်ကို နားလည်အောင် ကြိုးစားတယ်၊ နားထောင်တယ်၊ ယုံကြည်စိတ်ချတယ်။ ပြီးတော့ အဆင်ပြေတယ်၊ လုပ်ပေါ့၊ ဦးဆောင်ပြီးတော့မှ ဆုံးဖြတ်ခွင့်ကို ပေးလိုက်တယ်။
👉“ကျွန်မတို့ လက်တွေ့လုပ်ဆောင်တဲ့ သူတွေရဲ့အသံကို နားထောင်ဖို့လိုတယ်။ အလုပ်အမှုဆောင်ကော်မတီက သူတို့ကိုယ်တိုင် သွားလုပ်တာ မဟုတ်ဘူးလေ၊ မလုပ်တော့ အလုပ်တွေက တကယ်ပဲ အောင်မြင်နေလား၊ ဘာတွေကတိုးချဲ့ဖိုလို့နေလဲ၊ အဖွဲ့အစည်းရဲ့ ဦးတည်လူစုတွေအတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ရောက်လာနိုင်ဖို့ လုပ်ဆောင်နိုင်စွမ်းကိုလည်းကြည့်၊ ကျွန်မတို့ကို လက်ခံနိုင်စွမ်းက ဘယ်သူတွေရှိတာလဲပေါ့၊ ဘယ်နေရာတွေမှာ ဒီအလုပ်ကိုတိုးချဲ့ဖို့လိုသလဲ၊ ကျွန်မတို့ကို ကြိုဆိုရဲ့လား၊ ဒါတွေအားလုံးကို သုံးသပ်နိုင်တာက ပရိုဂရမ်မန်နေဂျာ၊ လက်ထောက်ဒါရိုက်တာနဲ့ ဒါရိုက်တာတွေပေါ့။” 👈
📝ကျွန်မတို့ရဲ့ ဝန်ထမ်းအနေအထားကို ကောင်းကောင်းသုံးသပ်ပြီးတော့ အကြံသစ်၊ ဉာဏ်သစ်တွေကို ပေးတဲ့အခါမှာ အလုပ်အမှုဆောင် ကော်မတီက နားထောင်ပြီးတော့ လုပ်ပိုင်ခွင့်ပေးတာပေါ့။ “ဖြစ်ပါ့မလားဆိုပြီး မရပ်ထားဘဲနဲ့ ဒီဟာကို နားထောင်တာပေါ့။ လုပ်ငန်းလုပ်ဆောင်ပိုင်ခွင့် “Job Delegation” လိုပါတယ်။ တော်တော်များများ အဖွဲ့အစည်းတွေမှာ ကြာကြာမလုပ်နိုင်ခြင်းက သူတို့မှာ ဒီဝန်ထမ်းက သူလုပ်နိုင်သလောက်ကို လုပ်ပိုင်ခွင့် မရဘူးဆိုရင် စိတ်ဓာတ်ကျလာတယ်။”
ကိုယ့်အဖွဲ့အစည်းထဲမှာ ကိုယ့်ကိုလက်ခံလာနိုင်ဖို့၊ ဆုံးဖြတ်ချက်ရဖို့ စည်းရုံးရတဲ့အခါမှာ ကိုယ့်ရဲ့ သုံးသပ်မှု (Analysis) က ခိုင်ဖို့လိုတယ်။ အဲလိုခိုင်ပြီဆိုရင် သေချာစဉ်စားဖို့၊ ဒါအဖွဲ့အစည်း လုပ်ထုံးလုပ်နည်းတွေကို သေချာသုံးသပ်ပြီး တင်ပြနိုင်တယ် ဆိုရင် ကိုယ့်အကြံသစ်တွေကိုလည်း လူကြီးတွေက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူက လက်ခံလာနိုင်မှာပါ။ အဲဒီအချိန်မှာ ကိုယ်လည်း စိတ်ဓါတ်ခွန်အားတွေ ပိုတက်လာတယ်။ အချက်သုံးချက်လို့ ပြောရမှာပေါ့ ခေါင်းဆောင်ကိုတော့ ဘယ်လို နားထောင်ပါ ဆိုပြီး ပြောလို့မရဘူးလေ..
📝ကိုယ်ဘက်ကနေ လုပ်ရမယ့်အရာက နံပါတ် (၁) ပြောရမှာပေါ့၊ အဖွဲ့ရဲ့စံတန်ဖိုးထားမှုနဲ့ ကိုယ့်တန်ဖိုး ထားမှုတွေ တူသလား၊ အဲလိုတူတာကို ရှာသင့်တယ်။ နံပါတ် (၂) က ဒီအဖွဲ့အစည်းက လိုချင်တဲ့အပြောင်းအလဲ/ရလဒ်က ကိုယ်က တကယ်မြင်ချင်တဲ့ အပြောင်းအလဲ/ရလဒ်မျိုး ဟုတ်သလား။ ဟုတ်တယ်ဆိုရင်တော့ ကိုယ်မြဲလိမ့်မယ်။ နောက် နံပါတ် (၃) အဖွဲ့အစည်းထဲကို ရောက်သွားပြီဆိုတာနဲ့ ကိုယ့်လုပ်ရမယ့်အလုပ်က အထက်ပိုင်းကို စည်းရုံးလှုံ့ ဆော်ရမယ် (Upward Advocacy)။ နောက်ပြီးတော့မှ အထက်ပိုင်းနဲ့ လုပ်ဖော်ဆောင်ဖက်အကြား စည်းရုံးလှုံ့ဆော်မှုလုပ်ရမယ် (Upward Advocacy and Horizontal Advocacy)။
📝ကိုယ်က အလုပ်မှာ ကိုယ့်ရဲ့လိုအပ်ချက်ကြောင့် ဝင်ငွေလိုလို့ လုပ်တာပဲဖြစ်ဖြစ်၊ အဆင်ပြေလို့ လုပ်တဲ့နေရာမှာပဲ ဖြစ်ဖြစ် လုပ်ရင်းနဲ့ တကယ်ပဲ ဒီမှာဆက်လုပ်သင့်တယ်လို့ ခံယူလာတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ကလည်း ပြောင်းလဲမှုကို ဖော်ဆောင်သူ (Change agent)အနေနဲ့ အဖွဲ့ကို ပိုပြီးပြည့်စုံအောင်၊ ပိုကောင်းမွန်အောင်၊ အဖွဲ့က ကိုယ့်ကိုအလုပ်ပေးတယ်လို့ မမှတ်ယူဘဲနဲ့ ကိုယ်ကိုယ်တိုင်က အဖွဲ့ကို ပိုပြီးတိုးတက်အောင် လုပ်တဲ့အခါမှာ ကိုယ်လည်းတိုးတက်လာတယ်၊ အဖွဲ့အစည်းလည်း တိုးတက်လာတယ်။ ကိုယ်ရဲ့တိုးတက်မှုက အဖွဲ့အစည်းရဲ့တိုးတက်မှုနဲ့ တသားတည်းဖြစ်လာတာပေါ့။ အဲဒါမျိုး ကျွန်မကိုယ်တိုင်က အဲလိုခံယူပြီးမှ လုပ်ဆောင်တယ်။
📝ကျွန်မအနေနဲ့ အားပေးချင်တာက ကိုယ်က အဲဒီအဖွဲ့မှာ ရောက်သွားပြီ အလုပ်သွားလုပ်ပြီဆိုရင် ကိုယ်တိုင်ကလည်း ဒီအဖွဲ့မှာ လုပ်ရင်းနဲ့ လစာရယုံတင်ပဲ မစဉ်စားဘဲ၊ မိမိရဲ့တကိုယ်ရည်တိုးတက်မှု (personal development) ကို အဖွဲ့အစည်းကပေးနေသလား။ ဒါမှမဟုတ် အဖွဲ့အစည်းကမပေးဘူးဆိုရင် ကိုယ်ကဘယ်လိုရှာမလဲ။ နောက်တစ်ခုက ကိုယ်ကရော ဒီအဖွဲ့ကို ပိုကောင်းလာအောင် ဘယ်လိုလုပ်ပေးနိုင်လဲ။ ကိုယ်ဘာအကြံပေးနိုင်လဲ။ နောက်ပြီးတော့ အဖွဲ့က ဘယ်လိုတန်ဖိုးထားမှုနဲ့ သွားမယ်လို့ ရေးထားသလဲ၊ အဲဒီအတိုင်းမဖြစ်နေဘူးလား၊ မဖြစ်ရင် ဖြစ်အောင်လုပ်ဖို့ ကိုယ်ကဘယ်လို အကြံပေးမလဲပေါ့။ ကိုယ်က လစာယူရုံမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ မိမိဖွံ့ဖြိုးတိုးတက်မှု (Personal Development) ကိုလည်း ရအောင် ယူမယ်၊ ကိုယ်လုပ်တဲ့အဖွဲ့အစည်းကိုလည်း တိုးတက်ကောင်းမွန်အောင် အာရုံထားပေါ့။
📝 အချုပ်ပြောရရင်တော့ လူငယ်တွေ ကိုယ်လစာရရုံ၊ လစာကောင်းတယ်၊ အဲလိုပဲသွားရင်တော့ မကြာခင် တော့ အလုပ်မမြဲဘဲ မကြာခဏ အလုပ်အပြောင်းအလဲ လုပ်ကိုင်သူ (Job Hopper) ပြန်ဖြစ်မယ်။ အစကတည်းက မိမိနဲ့စံတန်ဖိုးထားမှုတူတဲ့ အလုပ်ကို ရွေးဖို့ရယ်၊ အလုပ်ခွင်ထဲမှာ နေပြီးတော့လည်း အဲ့ဒီအဖွဲ့အစည်းရဲ့ ကောင်းကျိုးကိုရှာသင့်တယ် လို့ ပြောချင်ပါတယ်။
👉“နောက်ဆုံးအနေနဲ့ ကျွန်မတို့ တင်စားပြောရမယ်ဆိုရင် ကျွန်မတို့ တောက်နေတဲ့ ဆီမီးခွက်ကို မငြိမ်းလိုက်ပါနဲ့ ဆီဖြည့်ပါ ဆက်ပြီးတော့ သိုသိုသိပ်သိပ်နဲ့ ထွန်းတောက်နေဖို့ ကြိုးစားရအောင်” လို့ ပြောချင်ပါတယ်။ 👈
📌မြန်မာနိုင်ငံရဲ့ နိုင်ငံအပြောင်းအလဲများကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဆရာမဟာ ငြိမ်းအဖွဲ့ရဲ့ ဒါရိုက်တာ (မူဝါဒနဲ့ မဟာဗျူဟာ ပိုင်းဆိုင်ရာ) ရာထူးမှ ရပ်နားခဲ့ပါတယ်။
