အမျိုးသမီး ဗိုလ်ချုပ်ခရစ်စတင်းလန်း (Major General Kristin Lund) အကြောင်း တစေ့တစောင်း

You are currently viewing အမျိုးသမီး ဗိုလ်ချုပ်ခရစ်စတင်းလန်း (Major General Kristin Lund)  အကြောင်း တစေ့တစောင်း
Major General Kristin Lund

အမျိုးသမီးဟု ပြောလိုက်ပါက အားငယ်တတ်သူ၊ အားနွဲ့သူ၊ ဆုံးဖြတ်ချက်မပြတ်သားသူ၊ ခေါင်းဆောင်မှုတို့နှင့် မသက်ဆိုင်သူဟု လူအများစုက ယနေ့ထက်ထိတိုင် လက်ခံယုံကြည် ထားကြ ပါသည်။ အခုလို ယုံကြည်လက်ခံမှုများမှတဆင့် ကြမ်းတမ်းမှုများ၊ ခွန်အားအသုံးပြုမှုများအပေါ် မူတည်နေသည့် စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များသည် အမျိုးသမီးများနှင့်မည်သို့မှ မသက်ဆိုင်ဟု လက်ခံယုံကြည် ထားကြသည်မှာ ယနေ့ခေတ်ထိတိုင် ရှိနေကြသည်ကို စစ်တပ်များတွင် အမျိုးသမီးများ ပါဝင်မှု ရာခိုင်နှုန်းကို လေ့လာကြည့်ပါက တွေ့မြင်ကြရမှာ ဖြစ်ပါသည်။ အဆိုပါ အယူအဆများသည် မှားယွင်းနေကြောင်း ကမ္ဘာကြီးကို သက်သေပြနေသည့် နော်ဝေနိုင်ငံမှ အမျိုးသမီး ဗိုလ်ချုပ် ခရစ်စတင်းလန်း အကြောင်း အနှစ်ချုပ်ကို ထုတ်နုတ်ရေးသား ဖော်ပြသွားမှာဖြစ်ပါသည်။

ဂျဲန်ဒါတန်းတူညီမျှရေးနှင့် ငြိမ်းချမ်းရေးတို့ကို အလေးထားသော ကမ္ဘာပေါ်မှာ ပျော်ရွှင်ဖွယ် အကောင်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရသော နော်ဝေနိုင်ငံတွင် ခရစ်စတင်းလန်း ကို ၁၉၅၈ ခုနှစ်၌ မွေးဖွားခဲ့ပါသည်။ သူမ သည် နော်ဝေနိုင်ငံ၏ စစ်တပ်တွင်  ပထမဆုံး အမျိုးသမီးဗိုလ်ချုပ်တစ်ဦးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသူတစ်ဦး ဖြစ်ပါသည်။ အဆိုပါ ရာထူးသည် သူမ၏ ထူးခြားသော ခေါင်းဆောင်မှုနှင့် ကျွမ်းကျင်မှုများကို လေးစားအသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်ပါသည်။  ထို့အပြင် သူမသည် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသူ  ဖြစ်သည့်အလျောက် ကမ္ဘာ့ကုလသမဂ္ဂ၏ စစ်ဘက်ဆိုင်ရာ အစီအစဉ်များဖြင့် ကမ္ဘာ့မတည်ငြိမ်ဆုံးသော ဒေသများဖြစ်သည့် လက်ဘနွန် (Lebanon) နှင့် ဘော်လကန် (Balkans) တို့တွင် စစ်ဘက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ အဆိုပါ စစ်ဘက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း ပဋိပက္ခဖြေရှင်းခြင်းနှင့် သံခင်းတမန်ခင်းခြင်း တို့တွင် ကျွမ်းကျင်သူအဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါသည်။  ၂၀၁၄ ခုနှစ်တွင်လည်း သူမသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့(ဆိုက်ပရပ်စ်) (The United Nations Peacekeeping Force in Cyprus)တွင် တပ်ဖွဲ့မှူး(Force Commander)အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရပါသည်။ ထို့ကြောင့် သူမ၏ စွမ်းဆောင်ရည်များကို ဆိုက်ပရပ်စ် ဒေသအထိ ဖြန့်ကျက်လုပ်ဆောင် နိုင်ခဲ့ပါသည်။

သူမ၏ အပြုသဘောဆောင်သော လုပ်ဆောင်မှုများသည် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကဏ္ဍအား ပိုမိုမြင့်တက်စေခဲ့သောကြောင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ကုလသမဂ္ဂ အပစ်အခတ်ရပ်စဲမှု ကြီးကြပ်ရေးအဖွဲ့ (United Nations Truce Supervision Organization)  ၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ပါသည်။ အဆိုပါ ရာထူးသည် အဓိကအားဖြင့် အစ္စရေးနှင့် ၄င်းတို့၏ အိမ်နီးချင်း  အာရပ်နိုင်ငံများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များကို စောင့်ကြည့်လေ့လာရန် ဖြစ်ပါသည်။ သူမ၏ ကွပ်ကဲကြီးကြပ်မှုဖြင့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ လေ့လာစောင့်ကြည့်သူ ၄၀၀ ကျော်တို့နှင့်အတူ ထိလွယ်ရှလွယ် အဖြစ်ဆုံး ဒေသများတွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ငြိမ်းချမ်းရေး တိုးတက်မှုများကို မြှင့်တင်ပေးနိုင်ခဲ့ကြကြောင်း အစီရင်ခံစာများတွင် တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် အမျိုးသမီးများသည် ငြိမ်းချမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ ဆုံးဖြတ်ချက်များတွင် အရေးပါလျက်ရှိသည်ကို ကမ္ဘာကပင် အသိအမှတ်ပြုသည် အထိ စွမ်းဆောင်နိုင်ခဲ့သူ အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။

သူမသည် နော်ဝေနိုင်ငံ၏ စစ်တပ်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှုများတွင် ထူးခြားသော ပံ့ပိုးကူညီမှုများကြောင့် စစ်ဘက်ဆိုင်ရာတွင် ဂုဏ်သိက္ခာပိုင်းအရ ကြီးမားသော ဆုနှစ်ဆုကို လက်ခံ ရရှိထားသူလည်း ဖြစ်ပါသည်။ နော်ဝေနိုင်ငံ၏ စစ်တပ်တွင် ပထမဆုံး အမျိုးသမီး ဗိုလ်ချုပ်ကြီးအဖြစ် နော်ဝေနိုင်ငံ၏ အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သည့် Saint Olav ဆု(Commander of the Royal Norwegian Order of Saint Olav)  ကိုလည်း ချီးမြှင့်ခံခဲ့ရပါသည်။ သူမသည် နိုင်ငံတကာ ပဋိပက္ခဇုန်များသို့ သွားရောက်ပြီး ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့၏ တပ်ဖွဲ့မှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရပါသည်။  ထိုသို့ ကျယ်ပြန့်သောရာထူးတာဝန်များကို ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့သည့် လုပ်ဆောင်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် နော်ဝေနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဆုတစ်ခုဖြစ်သော Laurel Branch with Defense Service Medal ဆုကိုလည်း ထပ်မံ လက်ခံရရှိခဲ့ပါသည်။ ထို့ကြောင့် သူမ၏ စစ်ဘက်ဆိုင်ရာ ရာထူးကို ထမ်းဆောင်နေစဉ်အတွင်းပင် ထူးခြားသော စစ်ဘက်အရပ်ဘက် ဆုများစွာကို ချီးမြှင့်ခံခဲ့ရခြင်းများသည် အမျိုးသမီးများ၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်နိုင်မှု၊ လုပ်ဆောင်နိုင်မှု စွမ်းအားတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်ပါသည်။

သူမသည် ၄င်း၏ စစ်မှုထမ်းစဉ် ကာလအတွင်း ပင်လယ်ကွေ့စစ်ပွဲ (Gulf War) နှင့် အာဖဂန်စစ်ပွဲ (War in Afghanistan) စသည့် နိုင်ငံတကာ စစ်ပွဲများတွင်လည်း စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သည့် မှတ်ကျောက်တိုင်များရှိသူ တစ်ဦးလည်း ဖြစ်ပါသည်။ သူမ၏ ပါဝင်ပါတ်သတ်မှုများသည် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက်လည်း များစွာ အကျိုးဖြစ်ထွန်း ခဲ့ကြောင်း သူမ၏ အောင်မြင်မှုများ၊ အသိအမှတ်ပြုခံရမှုများက သက်သေထူလျက်ရှိပါသည်။ သူမသည် နော်ဝေနိုင်ငံ၏ စစ်တပ်အတွင်း ဂျဲန်ဒါတန်းတူညီမျှရေးအတွက် စံနမူပြုနိုင်သည့် အမျိုးသမီး ဖြစ်သလို နိုင်ငံတကာတွင်လည်း အမျိုးသမီးများ စစ်ဘက်ဆိုင်ရာ ရာထူးများတွင် ပိုမိုရရှိလာစေ ရေးအတွက် စံပြ အမျိုးသမီးပုဂ္ဂိုလ်အဖြစ်လည်း ထင်ရှားပါသည်။ အထူးသဖြင့် ယူကရိန်း နိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် အမျိုးသမီးများအနေဖြင့် ရဲတပ်ဖွဲ့ဝင်များအဖြစ် အလုပ်အကိုင်များ ရရှိလာမှုသည် သူမ၏ စွမ်းဆောင်ရည်များကို တွေ့မြင်ပြီးနောက် ခန့်အပ်ခဲ့ကြကြောင်း စစ်တမ်း အချို့တွင် ဖော်ပြထားသည်ကို မှတ်သားခဲ့ရပါသည်။

အနှစ်ချုပ်အားဖြင့် ဗိုလ်ချုပ်ခရစ်စတင်းလန်းသည် အမျိုးသားများကြီးစိုးထားသော နယ်ပယ် ဖြစ်သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများတွင် ပထမဆုံး ဦးဆောင်ရသူ အမျိုးသမီး တစ်ဦးအဖြစ် သမိုင်းတွင်ခဲ့ပြီဖြစ်ပါသည်။ သူမသည် လက်ရှိတွင် စစ်တပ်မှ အနားယူသွားပြီ ဖြစ်ပြီး နော်ဝေ ကာကွယ်ရေး တက္ကသိုလ် (Norwegian Defense University) တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။ သို့သော်လည်း သူမ၏ စွမ်းဆောင်ချက်များသည် သူမ၏ နိုင်ငံအတွက် သာမက တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းရေးကိုပါ အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသမီးများကို စစ်တပ်ဆိုင်ရာ ရာထူးများနှင့် မသက်ဆိုင်ဟု တွေးခေါ်နေကြခြင်းသည် မှားယွင်းနေကြောင်း ဗိုလ်ချုပ် ခရစ်စတင်းလန်း၏ လုပ်ဆောင်ချက်များက သက်သေထူလျက် ရှိပါသည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိနေသာ အမျိုးသမီးများ၏ လုပ်ကိုင်နိုင်စွမ်းကို နိုင်ငံတိုင်း၊ လူသားတိုင်းက အသိအမှတ်ပြုပေးရန်နှင့် လေးစားရန် လိုအပ်လျက် ရှိနေကြောင်း ယခုဆောင်းပါးမှ တဆင့် ဖော်ထုတ်တင်ပြအပ်ပါသည်။

လမင်းစေတမာန် စုစည်းဘာသာပြန်ရေးသားသည်။

Reference:

Deployment of Female Personnel Boosts Effectiveness, Says Secretary-General, as Security Council Holds Open Debate on Women in Peacekeeping | UN Press. (2019, April 11). https://press.un.org/en/2019/sc13773.doc.htm

Force Commander. (2015, November 13). UNFICYP. https://unficyp.unmissions.org/force-commander#:~:text=Major%20General%20Kristin%20Lund%20of,moon%20on%2012%20May%202014.

Kristin Lund (general). (2023, August 7). Wikipedia. https://en.wikipedia.org/wiki/Kristin_Lund_(general)

Major General Kristin Lund of Norway – Head of Mission and Chief of Staff of the United Nations Truce Supervision Organization (UNTSO) | United Nations Secretary-General. (2017, October 6). https://www.un.org/sg/en/content/sg/personnel-appointments/2017-10-06/major-general-kristin-lund-of-norway-head-of-mission-and-chief-of-staff-of-the-united-nations-truce-supervision-organization-%28untso%29

Major General Kristin Lund: Peacekeeping – GIWPS. (2020, November 23). GIWPS. https://giwps.georgetown.edu/seekingpeace/ep-5-peacekeeping-w-major-general-kristin-lund/