⚧ဂျဲန်ဒါ ခွဲခြားဆက်ဆံခြင်းနှင့် ၄င်း၏အကျိုးဆက်များ⚧

မြန်မာနိုင်ငံတွင် အခုအခါ “ခွဲခြားဆက်ဆံခြင်း” ဆိုသည့် စကားရပ်ကို ပိုမိုရင်းနှီးလာခဲ့ပြီး “ခွဲခြား ဆက်ဆံခြင်း”ကို လက်မခံမှုများ၊ တုံ့ပြန်မှုများလည်း ရှိနေသည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ဂျဲန်ဒါ ခွဲခြားဆက်ဆံခြင်းဟု ဆိုရာတွင် နားလည်မှု ဝိရောဓိများဖြင့် အငြင်းပွားမှုအဆင့် သို့မဟုတ် စိတ်မဝင်စားသည့်အဆင့်တွင်သာ ရှိသေးသည်ကို လေ့လာနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျဲန်ဒါဟု ဆိုလိုက်သည်နှင့် အမျိုးသမီးအရေး၊ အမျိုးသမီးကိစ္စရပ်များကိုသာ ဦးတည်ပြောဆို ကြတော့မည်ဟု တရားသေ သတ်မှတ်ချက်များကလည်း ဂျဲန်ဒါ ခွဲခြားဆက်ဆံမှုကို နားလည်ရန် အဓိက အဟန့်အတားများ ဖြစ်နေသည်ကို တွေ့မြင်နိုင်ပါသည်။ ယခုဆောင်းပါးတွင် ဂျဲန်ဒါဆိုသည့် စကားရပ်ကို ရိုးရှင်းစွာ နားလည်စေရန်၊ ဂျဲန်ဒါ ခွဲခြားဆက်ဆံမှုများအကြောင်းနှင့် ဂျဲန်ဒါခွဲခြား ဆက်ဆံမှု၏ နယ်ပယ်အသီးသီးကို အကျိုးသက်ရောက်ပုံတို့ကို ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။

ဂျဲန်ဒါ ဆိုတာ ဘာလဲ

ဂျဲန်ဒါကို သိရှိနားလည်စေရန် “လိင်” ဆိုသည့် စကားရပ်အား ဦးစွာ နားလည်အောင် ပြုလုပ်ကြရမည် ဖြစ်ပါသည်။ “လိင်” ဟု ဆိုရာတွင် အမျိုးသား၊ အမျိုးသမီးတို့၏ မွေးရာပါအမျိုးအစားများကို ခွဲခြားသတ်မှတ်ရာတွင် အသုံးပြုကြပါသည်။ “လိင်” သည် မွေးရာပါ ခန္ဓာဗေဒဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပြီး မတူညီသော ပုံစံများ၊ အလုပ်လုပ်ပုံများ ကွဲပြားလျက်ရှိပါသည်။ အဆိုပါ ကွဲပြားပုံ အလုပ်လုပ်ပုံများ ကွဲပြားမှုသည် နေရာ ၊ အချိန်၊ ရိုးရာ ယဉ်ကျေးမှု များအပေါ် မူတည်ပြီး ပြောင်းလဲလေ့ မရှိသည်ကို လေ့လာနိုင်ပါသည်။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်ခြင်း၊ သုတ်ရည် ထုတ်လွှတ်ခြင်း စသည့် သီးခြားလုပ်ဆောင်ချက်များသည် ခန္ဓာကိုယ်ပေါ်ရှိ လိင်ဖြစ်တည်မှုအပေါ် လုပ်နိုင်စွမ်းသည် ကွဲပြားခြားနားသည် နေရာဒေသပေါ်၊ အချိန်အခါပေါ်တွင် မည်သည့်အခါတွင်မျှ ပြောင်းလဲခဲ့ခြင်း မရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ဂျဲန်ဒါကို အထက်ပါ “လိင်”ဆိုသည့် ကိစ္စရပ်ကဲ့သို့ပင် မပြောင်းလဲဘဲ ရှိသည်ဟု လူအများက မှတ်ယူထားကြပါသည်။ အမှန်မှာ ဂျဲန်ဒါသည် နေရာ၊အချိန်၊ နှင့် ရိုးရာ ဓလေ့ ယဉ်ကျေးမှု များအပေါ် မူတည်ကာ အမျိုးမျိုး ပြောင်းလဲတတ်သည်၊ ပြောင်းလဲနေသည်ကို သတိမမူခဲ့ခြင်းသာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆိုရလျှင် ဘုရင်များ ကြီးစိုးခဲ့စဉ် ကာလက အမျိုးသားများသည် အမျိုးသား လိင်အင်္ဂါ ပါရုံမျှဖြင့် ယောကျာ်း ပီသသည်ဟု မသတ်မှတ်ကြဘဲ ထိုးကွင်းမှင်ကြောင် (ခ) တက်တူးများ ရှိမှသာ ယောကျာ်းကောင်းဟု သတ်မှတ်ခဲ့ကြပါသည်။ အခု ခေတ်ကာလမှာ ဆိုရင်တော့ တက်တူး ရှိသူများကို လူအများစုက ယောကျ်ား ပီသတယ်လို့ တွေးဖို့အတွက် ခက်ခဲနေကြပြီထင်ပါသည်။ ဒါဟာ အချိန်နှင့် ရိုးရာ ယဉ်ကျေးမှုတွေရဲ့ ပြောင်းလဲမှုကြောင့်သာ ဖြစ်ပါသည်။

အထက်ပါပြောခဲ့သလို ဂျဲန်ဒါဆိုင်ရာ ကိစ္စရပ်များဟုဆိုသည့် အမျိုးသား၊ အမျိုးသမီးများအပေါ် သတ်မှတ်ချက်များသည် အချိန်မရွေးပြောင်းလဲနိုင်ပြီး အဆိုပါ ပြောင်းလဲမှုများကို လူများသာ လုပ်ဆောင်နေကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ အဆိုပါ ပြောင်းလဲမှုများကို လက်ခံရန် ခက်ခဲနေသော ရှေးရိုးစွဲများလည်း ရှိနေမည် ဖြစ်ပါသည်။ ရှေးရိုးစွဲများတွင် အထူးသဖြင့် ဂျဲန်ဒါဆိုင်ရာ ရေုးရိုးစွဲများ သို့မဟုတ် ဂျဲန်ဒါ ပုံသေကားချပ်များကို သဘာဝဟု ထင်မြင် လက်ခံထားသူများသည် ဂျဲန်ဒါ ဆိုင်ရာ အမြင်များကို လက်ခံရန် အခက်ခဲဆုံးဖြစ်မည် ဖြစ်ပါသည်။

ဂျဲန်ဒါဆိုင်ရာ ခွဲခြားဆက်ဆံမှုများ

အဆိုပါ ဂျဲန်ဒါဆိုင်ရာအမြင်များကို မပြောင်းလဲနိုင်၊ အမြဲလက်ခံရမည်ဟု စဉ်းစားနေကြသော လူအများစုသည် မိမိတို့၏ ပတ်ဝန်းကျင်တွင်လည်းကောင်း မိမိကိုယ်တိုင်ပင်လည်းကောင်း ဖြစ်နေနိုင်ပါသည်။ အဆိုပါ ဂျဲန်ဒါဆိုင်ရာ ပြောင်းလဲနိုင်သော အမြင်များကို တစ်သမတ်တည်း ရှိနေသည်ဟု ထင်မြင်နေကြပုံများသည် ဘဝတစ်လျှာက် အိမ်တွင်လည်းကောင်း၊ ကျောင်းတွင် လည်းကောင်း၊ ပတ်ဝန်းကျင်မှလည်းကောင်း ပုံသွင်းမှုများကို အသားကျနေခြင်းဖြစ်သည် ဟု ရှုမြင်ပါသည်။ အဆိုပါ နေသားကျမှုများ ဘဝတစ်လျှာက်တွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် များသည်ပင်လျှင် တိုက်ဆိုင်စွာ ထပ်တူကျနေမှုများ ရှိခဲ့သည့်အခါ ပိုမို ခိုင်မာသော ဂျဲန်ဒါအမြင်များကို လက်ခံသွားကြခြင်း ဖြစ်ပါသည်။ ဥပမာ အမျိုးသမီးများသည် နူးညံ့ရမည်၊ နာခံတတ်သော သူဖြစ်ရမည်ဟု ဆုံးမလေ့ရှိသော ဂျဲန်ဒါဆိုင်ရာ အမြင်များသည် အမျိုးသမီးတစ်ဦး၏ လုပ်နိုင်စွမ်းရည်ကို ကန့်သတ်ခံရခြင်းဟု မမြင်တော့ဘဲ အမျိုးသမီးများ နူးညံ့နေခြင်းသည် ကောင်းမွန်သည်ဟု အပေါ်ယံ လက်ခံမှုများကို နှစ်ပေါင်းများစွာ ယုံကြည် လက်ခံခဲ့မှုများကြောင့်သာ ဆက်လက်တည်ရှိရန် ကြိုးစားနေကြခြင်းဖြစ်ပါသည်။ အမှန်တကယ်သည် လူတစ်ယောက်၏ ပုံစံသည် လူသားတစ်ယောက် ဖြစ်နိုင်စွမ်းကို ကန့်သတ်ထားခြင်းမဟုတ်ဘဲ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်များကသာ လူသားတို့၏ သဘာဝအဖြစ် ရှုမြင် သင့်ပါသည်။

အဆိုပါ လူ့လောကအတွင်း ရှင်သန်လာသည့် ကာလတစ်လျှောက်လုံးတွင် အမျိုးသမီးများဖြစ်ပါက မည်သို့ ဖြစ်ရမည်၊ အမျိုးသားဖြစ်ပါက မည်သို့ ဖြစ်ရမည် ဆိုသော ပုံသွင်းမှုများတွင် အသားကျနေသော လူမှုအဖွဲ့အစည်းတွင် လူသားတို့၏ လွတ်လပ်စွာ နေထိုင်ပိုင်ခွင့်ကို အကန့်အသတ်များစွာ ကြုံလာကြရသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ ပြည်ထောင်စုနွယ်ဖွား နေထိုင်ကြသူများသည် အာဏာရှင်စနစ်၏ ပုံသွင်းထားသည့် ပညာရေး၊ ရုပ်ရှင်၊ ကြေငြာ၊ လူ့အဖွဲ့အစည်းများတွင် ကြီးပြင်းလာခဲ့ကြရပါသည်။ အဆိုပါ ပုံသွင်းမှုသည် အသားကျလျက်ရှိပြီး လူသားဖြစ်တည်မှုဖြစ်သော လူသားချင်းနားလည်ပေးမှု၊ ကိုယ်ချင်းစာခြင်း အစရှိတို့တွင် အားနည်းခဲ့ကြခြင်းသာ ဖြစ်ပါသည်။ အခုအခါတွင် အခုလို ဂျဲန်ဒါဆိုင်ရာ ပုံသွင်းခံခဲ့ရပြီး ဂျဲန်ဒါ ခွဲခြားဆက်ဆံမှုများကြောင့် မည်သို့ အကျိုးသက်ရောက်မှုများရှိသည်ကို အချို့ အကြောင်းအရာများဖြင့် ဖော်ပြသွားပါမည်။

ခေါင်းဆောင်မှုနှင့် ဂျဲန်ဒါခွဲခြားမှု

လူမှု့ဝန်းကျင်တွင် အဖွဲ့အစည်းများ တည်ထောင်ရာတွင်လည်းကောင်း၊ အသင်းအဖွဲ့များ စုစည်းကြရာတွင်လည်းကောင်း ဥက္ကဌရာထူးအား ခန့်အပ်ရာတွင် သို့မဟုတ် ဥက္ကဌ ဆိုသည့် စကားရပ်အား စတင် စဉ်းစားသည့်အခါတွင် အမျိုးသားများကို စတင် စဉ်းစားတတ်ကြခြင်းသည် ဂျဲန်ဒါ ဆိုင်ရာ ခွဲခြားဆက်ဆံမှုများ၏ နောက်ဆက်တွဲ ပြဿနာရပ်များ ဖြစ်ပါသည်။ အမှန်တကယ် ကျတော်/ကျမတို့သည် မည်သူကိုမှ နစ်နာစေရန် သို့မဟုတ် ဦးစားပေးရန် ရည်ရွယ်ချက်များဖြင့် စတင် စဉ်းစားခဲ့သည်မဟုတ်သော်လည်း ကျတော်/ကျမတို့၏ အသားကျနေသော တွေးခေါ်မှုများသည် အလိုအလျောက်ပင် ထိုသို့ပြုမူမျိုးကို လုပ်ဆောင်ပြီးလျှက် နေခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ အလိုအလျောက် တွေးခေါ်မှုများသည် ငယ်စဉ် စာသင်ကျောင်းအခန်းအတွင်းဖွဲ့စည်းခဲ့သော အဖွဲ့အမည်များ ဖြစ်သည့် ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား အစရှိသည့် တိုင်းရင်းသား မဟုတ်သည့် ဗမာ လူမျိုး အမျိုးသားတွေသာ စဉ်းစားခဲ့သည့် အကျိုးဆက် ဖြစ်သည်ဟု အတိအကျ ဆိုကြရမည် ဖြစ်ပါသည်။ သမိုင်းစာအုပ်များတွင်လည်းကောင်း၊ ရုပ်ရှင်များတွင်လည်းကောင်း အမျိုးသမီး ခေါင်းဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ကြားသိခဲ့ရပြီး အမျိုးသမီးခေါင်းဆောင်ပါက “ပြည်ပျက်သည်”ဟုပင် ထင်မြင်စေသည့် ယူဆချက်များ၊ စကားပုံများ၊ နမူနာများကိုသာ ဘဝတစ်လျှောက်ကြားနာခဲ့ရသည့် ကျတော်/ကျမတို့အဖို့ ယခုလို တွေးတောမှုများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ပါသည်။ ယခုလို ခေါင်းဆောင်မှုနေရာများတွင် အမျိုးသားများနှင့်သာ သင့်တော်သည်ဟု သက်မှတ်နေမှုများသည် အမှန်တကယ် ဦးဆောင်နိုင်သော အမျိုးသမီးများအတွက် အကန့်အသတ် ဖြစ်ရုံသာမက ခန့်အပ်သူတို့၏ အဖွဲ့အစည်းတိုးတက်မှု၊ နိုင်ငံတိုးတက်မှုနှင့် အဖွဲ့များ၏ တိုးတက်မှုများ အတွက်ပါ များစွာ အခွင့်အလမ်းများ ဆုံးရှုံးမှုများ ရှိသည်ကို တွေးတောသင့်ပါသည်။ ထို့အပြင် အမျိုးသားများသည် ပိုမိုကျွမ်းကျင်သော လုပ်ငန်းဆောင်တာများထက် ဦးဆောင်မှု အခန်းကဏ္ဍတွင် မဖြစ်မနေ လုပ်ဆောင်နေရသည့် ဝန်ထုပ်ဝန်ပိုးသည်လည်း အမျိုးသားများအတွက် ပင်ပန်းမှုများသာ တိုးပွားလာစေပါသဖြင့် ဂျဲန်ဒါခွဲခြားဆက်ဆံမှုများ၏ သက်ရောက်မှုများကို လေ့လာဆန်းစစ်နိုင် ပါသည်။

လုပ်ငန်းခွင်နှင့် ဂျဲန်ဒါ ခွဲခြားမှု

စီးပွားရေး လုပ်ငန်းများတွင် လုပ်ငန်းရှင်များက မိမိခန့်အပ်မည့် ဝန်ထမ်းများကို ရွေးချယ်ခွင့်ရှိခြင်းသည် လုပ်ငန်းရှင်များ၏ အခွင့်အရေးပင်ဖြစ်ပါသည်။ သို့သော်လည်း လူတစ်ယောက်၏ လုပ်နိုင်စွမ်းရည်ကို ကြိုတင်ခန့်မှန်း ကန့်သတ်ခြင်း အထူးသဖြင့် အမျိုးသမီး၊ အမျိုးသား အပေါ် ခွဲခြားစဉ်းစားခြင်းသည် လုပ်ငန်းများနှင့် လူမှုအဖွဲ့အစည်းရှိ ကျွမ်းကျင်ပညာရှင်များအတွက်ပါ များစွာ ဆိုးကျိူးသက်ရောက်စေမှာ ဖြစ်ပါသည်။ ဥပမာ စာရင်းကိုင် ရာထူးခေါ်ယူရာတွင် အမျိုးသမီးများနှင့် ပိုမို သင့်လျော်သည်ဟု ထင်မြင်ယူဆကာ အလုပ်ခေါ်စာတွင် အမျိုးသမီးဟု ကြိုတင် သတ်မှတ်လိုက်ခြင်းသည် စာရင်းအင်းများကို ပိုင်နိုင်သော ဆရာကြီးများကို အထင်မြင်သေးသည့် သဘောမျိုး သက်ရောက်စေရုံသာမက စာရင်းကိုပိုင်နိုင်သော အမျိုးသားများကိုပါ ကန့်သတ် သကဲ့သို့ ဖြစ်စေနိုင်ပါသည်။ အဆိုပါ အလုပ်သည် အမျိုးသား၊ အမျိးသမီးဟု သီးသန့်ခေါ်ယူမှုများသည် တစ်ဦးချင်းစီ၏ လုပ်ဆောင်နိုင်မှုကို အထင်မြင်သေးရာရောက်ပြီး အမှန်တကယ် ကျွမ်းကျင်သူများကို လုပ်ငန်းရှင်များအနေဖြင့် တွေ့ဆုံမှုပင် မရှိခဲ့သည်ကို လေ့လာနိုင်ပါသည်။ ထိုကိစ္စရပ်များသည် ဂျဲန်ဒါဆိုင်ရာ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်ပါသည်။

အနှစ်ချုပ်
ဂျဲန်ဒါခွဲခြားဆက်ဆံမှုများအကြောင်း ဆွေးနွေးကြရာတွင် ယခု သုံးသပ်မှုများသည် လုံလောက် ပြည့်စုံမှု မရှိသေးသည်ကို ကြိုတင်ပြောကြားလိုပါသည်။ ဂျဲန်ဒါခွဲခြားဆက်ဆံမှုများကြောင့် အမျိုးသား၊ အမျိုးသမီးများသာမက လိင်စိတ်ခံယူမှု ကွဲပြားသော သူများစသည့် လူသားအားလုံးအပေါ် အကျိုးသက်ရောက်မှု ရှိနေသည်ကို အသေးစိတ် ထပ်မံလေ့လာနိုင်ပါသည်။ ခွဲခြားဆက်ဆံမှုများသည် အလိုအလျောက် စဉ်းစားချက်များမှ ဖြစ်ပေါ်လာသော ကိစ္စရပ်များဖြစ်သည့်အတွက် မိမိတို့၏ အပြုအမူ၊ စဉ်းစားချက်များ၊ ဆုံးဖြတ်ချက်များကို မပြုလုပ်မှီ အမျိုးသား၊ အမျိုးသမီး၊ လိင်စိတ်ခံယူမှု ကွဲပြားသူများအပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း သို့မဟုတ် ဂျဲန်ဒါခွဲခြားဆက်ဆံမှုများ မဖြစ်သည်ကို သေချာစေရန် လုပ်ဆောင်ပြီးမှသာ လုပ်ဆောင်သင့်ပါသည်။ ထိုမှသာ လူသားတို့၏ ကိုယ်ချင်းစာတရား၊ နားလည်ပေးမှု စသည့် လူသားဆန်သည့် လူ့ကျင့်ဝတ်များဖြင့် လူသားတို့၏ ဖန်တီးနိုင်စွမ်းကို အပြည့်အဝ လုပ်ဆောင်ခွင့်ပေးခြင်းဖြင့် ပိုမိုသာယာသော လူ့ဘောင်သစ်ကို အားလုံး အတူတူ ဖန်တီးနိုင်မည်ဟု ယုံကြည်စွာဖြင့် နိဂုံးချုပ်အပ်ပါသည်။

ထပ်မံ လေ့လာစရာများ