အမျိုးသမီးအများစုကို စီးပွားရေးရဲ့ ဇတ်ကောင်အဖြစ် ထည့်သွင်းစဉ်းစားဖို့ထက် ထိလွယ်ရှလွယ်တဲ့ အုပ်စုအဖြစ်သာ ရှုမြင်ကြပါတယ်။ ထိုအထဲမှာမှ လုပ်ငန်းရှင်အတိုင်းအဝိုင်းနှင့် နီးစပ်တဲ့ မဆို စလောက် အမျိုးသမီးအချို့သာ စီးပွါးရေးလုပ်ငန်းမှာ လှုပ်ရှားတက်ကြွသော ဇတ်ကောင်များအဖြစ် ပါဝင်ကြပြီး အများစုကတော့ မိသားစု စားဝတ်နေရေးလုံးပမ်းမှုတွင်သာရှိကြပြီး စီးပွားရေး လုပ်ငန်းအဆင့်ကို လက်လှမ်းမှီနိုင်သေးခြင်းမရှိကြပါ။
မြစ်ကြီးနား ဂျန်မိုင်ကောင်ရပ်ကွက်အတွင်း လူပေါင်း ၃၀ ကျော်ဖြင့်လည်ပတ်နေသော “Hkahku ရိုးရာရက်ကန်း” လုပ်ငန်းကို ဒေါ်ခေါန်နူးဆိုသူ ဉီးဆောင်တည်ထောင်ထားတာပါ။ ဒီလိုဖြစ်လာဖို့ အခက်ခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး နှစ်ကာလကြာရှည် ရင်းနှီးမြှုပ်နှံလာခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ သူမက ယင်းရက်ကန်းလုပ်ငန်းကို ဦးစီးနေတဲ့အပြင် “Turquoise Mountain” လို့ခေါ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ ကချင်ပြည်နယ် ညှိနှိုင်းရေးမှူးအဖြစ် ရိုးရာရက်ကန်း အသိပညာများ ပြန့်ပွားအောင် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
ဒေါ်ခေါန်နူးသည် မွေးချင်းမောင်နှမ (၄) ယောက်ထဲတွင် တစ်ဦးတည်းသော မိန်းကလေးအငယ်ဆုံး ဖြစ်ပြီး လက်ရှိမှာ ကလေး(၃)ဦးမိခင် ဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက အဖွားဖြစ်သူနား ကြီးပြင်းလာသူဖြစ်ပြီး အဖွားဖြစ်သူ၏ ဂျက်ခုတ်ရက်ကန်းအနားတွင် အမြဲနေလေ့ရှိပါတယ်။ ဒါကြောင့် သူမ ရက်ကန်းခုတ်တဲ့လုပ်ငန်းကို စိတ်ဝင်စားလာဟန်တူပါတယ်လို့ ဆိုပါသည်။ ဒါပေမယ့် သူမဂျတ်ခုတ်လုပ်ငန်းထဲ ရောက်လာဖို့အတွက် တွန်းအားဖြစ်စေတဲ့ အခြားအရာတစ်ခု ရှိနေပါသေး တယ်။ အဲဒါကတော့ ဘာသာရေးအခြေပြုတဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဆက်ကပ်လိုမှုက သူမအနာဂတ်ကို လမ်းပြပေးမယ့် အိုင်ယာလန်သူ ဆစ်စတာ မေရီအိုင်သာနှင့် တွေ့ဆုံစေခဲ့ပါတယ်။
မေရီအိုင်သာ ဦးဆောင်တဲ့ “Malizup Women Weaver” ရိုးရာဂျတ်ခုတ်လုပ်ငန်းမှာ သက်ကြီးပိုင်း အဖွားများနဲ့အတူ ရှေးကချင်ရိုးရာဒီဇိုင်း အသုံးအဆောင်ပစ္စည်းတွေထုတ်ပြီး နိုင်ငံခြားကို ရောင်းကြပါတယ်။ မေရီအိုင်သာ သူ့နိုင်ငံကို ပြန်တော့မယ့်အချိန်မှာတော့ အဲဒီလုပ်ငန်းအားလုံးကို ဒေါ်ခေါန်နူးက ဆက်လက်ဦးစီးလုပ်ကိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
“သူကကျတော့ သွားရတော့မယ်။ ဒီပညာကျတော့ ထားခဲ့ရတော့မှာ လက်ဆင့်ကမ်းမယ့် လူကမရှိဘူး အရှေ့မှာ သူနဲ့တွဲလုပ်တဲ့ လူတွေလည်းအများကြီး ရှိပေမယ့် သူက ဘယ်လိုမြင်လဲ တော့မသိဘူး။ အကုန်ပုံထားပေးခဲ့တာပေါ့နော်။ ပြောချင်တာသူက အရမ်းယုံလို့ပေါ့နော် အဖွားတွေနဲ့ အမြဲတမ်း ထိတွေ့နေတဲ့ သူဆိုတော့ “လို့ဆိုပါတယ်။
(၈) နှစ်လောက် အဖွားတွေနဲ့ လုပ်ကိုင်ခဲ့ရာမှ ရိုးရာအဝတ်အထည်တွေရဲ့ ဈေးကွက်နဲ့ ကချင်ရိုးရာ အထည်တွေအပေါ် လူတွေရဲ့တန်ဖိုးထားမှုတွေကို သူမနားလည်လာခဲ့ပါတယ်။ တဖက်မှာ အဖွားတွေနဲ့ ဆက်လက်လုပ်ကိုင်ရင်း ကိုယ်ပိုင်လုပ်ငန်းအနေနဲ့လည်း စလုပ်ကြည့်ဖို့ စိတ်ကူးရခဲ့ပါတယ်။
“ကိုယ့်ရိုးရာလည်းဟုတ်တယ် ကိုယ့်အမွေအနှစ်လည်း ဟုတ်တယ်ပေါ့နော် တကယ့် ကချင်မိတ်ကို လူမျိုးမတူတဲ့ သူများတွေတောင်မှ အရမ်းအလေးနက်ထားတယ် အရမ်းကို တန်ဖိုးထားတယ်ဆိုတာ မြင်လာတာ ကျမက လုပ်ရင်းလုပ်ရင်းနဲ့ အရမ်းလေးနက်တဲ့ ရိုးရာ အလုပ်တစ်ခုပေါ့နော် အဲ့လို ကျွန်မက အရမ်းစိတ်ဝင်စားလာတယ်။ ကိုယ်တိုင်လည်း လုပ်မယ်ပေါ့နော်။ ကြိုးစားလုပ်ကြည့်မယ် ဆိုတဲ့ စိတ်နဲ့ အဖွားတွေနဲ့လုပ်ရင်း ကိုယ်တိုင် ရက်ကန်း စင် (၃) ခုနဲ့ စလုပ်လာတာ”လို့ဆိုပါတယ်။
“ရှိတာလေးနဲ့ စလုပ်ကြည့်ပါ” ဆိုတဲ့ မေရီအိုင်သာရဲ့ အကြံပြုချက်အတိုင်း ၂၀၁၁ ခုနှစ်မှာတော့ သိန်း (၂၀)နဲ့ မြစ်ကြီးနားဈေး (၁)မှာ ဆိုင်ခန်းလေးဌားရမ်းပြီး ကိုယ်ပိုင်ထုတ်ထည် တွေကို စရောင်းခဲ့ပါတယ်။ စလုပ်တဲ့ အချိန်မှာတော့ လုပ်ငန်းအရင်းအနှီး အများကြီးလိုအပ်တဲ့ အတွက် အခက်အခဲတွေအများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ သာမန်အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် လိုအပ်တဲ့ငွေကြေးအရင်းအနှီးရယူဖို့ လူတွေရဲ့ ယုံကြည်မှု မရခဲ့ပါဘူး။ လုပ်ငန်းခွင်အတွင်းမှာဖြစ်တဲ့ ပြသနာတွေကို ရုံးတွေမှာ သွားဖြေရှင်းရတဲ့အခါမျိုးမှာ “အမအမျိုးသား မပါဘူးလား” လို့လည်း အမေးခံရဖူးပါတယ်။ ကိစ္စတော်တော်များများကိုတော့ လုပ်ရင်းကိုင်ရင်း သင်သွားရတာဆိုတော့ အဆင်ပြေနေပါပြီ လို့လည်း သူမဆိုပါတယ်။
လက်ရှိမှာတော့ Small and Medium-Sized Enterprises (SME) ချေးငွေတွေရရှိလာတဲ့အပြင် ဒိန်းမတ်အခြေစိုက် Responsible Business Fund (RBF) အကူအညီကြောင့် အရင်းနှီးတွေရှိလာပြီး ပြည်တွင်းဈေးကွက်သာမကတော့ဘဲ မလေးရှား၊ ထိုင်း၊ တရုတ်နိုင်ငံများအထိ တင်ပို့နေပါတယ်။ နောက်ထပ်ဆိုင်ခွဲလည်း ထပ်တိုးဖို့နှင့် နောက်ပိုင်း ဆက်စပ်လုပ်ငန်းအနေနဲ့လည်း ပိုးစာပင်စိုက်ပျိုးဖို့ အစီစဉ်ရှိပြီး နည်းပညာပိုင်းတော့ လိုအပ်အုံးမည်ဖြစ်ကြောင်း သူမ ဆိုပါတယ်။
မြန်မာလူမှုပတ်ဝန်းကျင်မှာတော့ အမျိုးသမီးတစ်ယောက်ရဲ့အလုပ် ရာခိုင်နှုန်းအများစုက အိမ်မှု အလုပ်တွေ ဖြစ်နေတတ်ပါတယ်။ ငွေကြေးပိုင်းနဲ့ ပတ်သက်လာရင်တော့ သူတို့ရဲ့ အမျိုးသားတွေကို အားကိုးကြပါတယ်။ ဒါပေမယ့် ဒေါ်ခေါန်နူးကတော့ ဘာလေးဖြစ်ဖြစ်လုပ်ကြည့်မယ်ဆိုတဲ့ စိတ်ကူးလေးကို အကောင်အထည်ဖော်လိုက်တာကနေ သူမရဲ့ ကိုယ်ပိုင်အစွမ်းစကို တွေ့လိုက် ရတာပါ။ အဲဒီအတွက်လည်း သူမကြီးကြီးမားမား ဂုဏ်ယူတာတွေ့ရပါတယ်။
“အမျိုးသမီးတိုင်းကလေ တကယ်လုပ်မယ်ဆို လုပ်နိုင်တယ်။ အခက်ခဲကတော့ လူတိုင်းရှိတယ်၊ အမျိုးသမီးလည်းရှိတယ်၊ အမျိုးသားလည်း ရှိမှာပဲ။ ဒါပေမယ့် အမျိုးသားတွေမှ လုပ်မယ်ဆိုတာ ဟုတ်ဘူးပေါ့နော်။ ကျမတို့အမျိုသမီးတွေပိုဆိုးတယ် အိမ်ထောင်တစ်ခုဆိုရင် ဪ… အမျိုးသမီး တွေဆို ဘာမှမလုပ်ရတော့ဘူးဆိုတဲ့ အတွေးတွေက ဟိုးရှေးရိုးစဉ်ဆက် ရိုက်သွင်းထားတယ်။ တချို့က အိမ်မှုမှနိုင်ရမယ်ပေါ့နော်။ အိမ်မှုလည်းနိုင်သင့်တာပေါ့။ ကိုယ်လုပ်နိုင်တာက ကိုယ့်မိသား စုအတွက်လည်း အထောက်အကူပြုတယ်။ ကျွန်မတစ်ယောက် လုပ်နိုင်တာက ကိုယ့်ရဲ့ အောက်မှာ မိသားစု အများကြီးကို လမ်းပြပေးနိုင်တာပေါ့နော်။” လို့ ဆိုပါတယ်။
ဘာသာရေးအခြေပြု လူမှုရေးလုပ်ငန်းတွေအပေါ် ဆက်ကပ်မှုဟာ သူမရဲ့အစိတ်ပိုင်းတစ်ခု ဖြစ်နေ ပါတယ်။ လက်ရှိအချိန်ထိ စနေနေ့ညနေပိုင်းတိုင်းကို ကက်သလစ်မိခင်အဖွဲ့၏ ငွေစုငွေချေးလုပ်ငန်း မှာ အချိန်ပေးပါဝင်လျက်ရှိနေပါတယ်။ ရက်ကန်းဆင့်ပွားသင်တန်းတွေကိုလည်း စစ်ရှောင် စခန်များနှင့် အခြားအမျိုးသမီးများအတွက် သင်ပေးလျက်ရှိပြီး လက်ရှိမှာတော့ သင်တန်းပြီး မြောက်သူပေါင်း ၄၀ ကျော်ရှိနေပါပြီ။ အလုပ်များစွာကို စီမံခန့်ခွဲနိုင်တာနဲ့ ပတ်သက်ပြီး “အလုပ်တွေအများကြီးလုပ်နိုင်တဲ့ ဆရာမကို အရမ်းအားကျတယ်” လို့ သူ့ဆီမှာ အလုပ်လာလုပ်တဲ့ စစ်ကိုင်းဖက်က အမျိုးသမီးငယ် တစ်ဦးကလည်း ပြောပါတယ်။
“အချို့ကတော့ လက်တွေ့လုပ်နေပြီး တစ်ဝက်လောက်က ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု နေပြီ။ နမ္မတီးမြို့ဖက်က လူတွေဘယ်လောက်ဝေးဝေးလာတယ်။ လုပ်တဲ့ လူတွေကို ကြည့်ပြီးမှ တကယ်လည်း စိတ်ချမ်းသာတယ်၊ ပီတိဖြစ်တယ်” လို့ ဆိုပါတယ်။
