အတုယူအားကျစရာကောင်းသော နယူးဇီလန်မှ အမျိုးသမီးခေါင်းဆောင်

  • Published
You are currently viewing အတုယူအားကျစရာကောင်းသော နယူးဇီလန်မှ အမျိုးသမီးခေါင်းဆောင်
Jacinda Ardern
🖤ဂျာစင်ဒါ အာဒါန် (Jacinda Ardern)သည် အသက် ၃၇ နှစ်၊ ၂၀၁၇ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ကမ္ဘာတစ်သမိုင်းတစ်လျှောက်တွင် “ကမ္ဘာ့ အသက်အငယ်ဆုံး အမျိုးသမီး အစိုးရခေါင်းဆောင်” အဖြစ် သတ်မှတ်ခံခဲ့ရသူ တစ်ဦးဖြစ်ပါသည်။ သူမသည် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်စဉ် ကာလတွင် ထူးခြားသည့် နိုင်ငံရေးခရီးစဉ်များနှင့် အကျပ်အတည်း အမျိုးမျိုးကို လက်တွေ့ရင်ဆိုင်ဖြေရှင်းခဲ့မှုများကြောင့် နိုင်ငံတကာမှ အမျိုးသမီးများ၏ ခေါင်းဆောင်မှုအပေါ် ချီးကျူး အသိအမှတ်ပြုခဲ့ရသည်အထိ စွမ်းဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။
 
🖤သူမကို နယူးဇီလန်နိုင်ငံ ဟေးမာတန်မြို့ငယ်တွင် ၁၉၈၀ ခုနှစ် ဇူလိုင်လ ၂၆ ရက်၌ မွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် နိုင်ငံရေးများကို စိတ်ဝင်စားခဲ့သူတစ်ဦး ဖြစ်ပါသည်။ သူမသည် အသက် ၁၇ နှစ် မှစတင်ပြီး အလုပ်သမားပါတီသို့ စတင်ဝင်ရောက်လှုပ်ရှားခဲ့ပါသည်။ ထို့နောက် ပါတီတွင်း ကဏ္ဍပေါင်းစုံတွင် တာဝန်များစွာ ထမ်းဆောင်ခဲ့ရပြီး နိုင်ငံရေး အတွေ့အကြုံများနှင့် ဗဟုသုတများစွာ တို့ကို လေ့လာနိုင်ခဲ့ပါသည်။
 
🖤သူမ၏ လူမှုတရားမျှတမှုဆိုင်ရာ ကိစ္စရပ်များအပေါ် စစ်မှန်သော ရပ်တည်ချက်များကြောင့် အချိန်ခဏတာအတွင်းတွင် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ်တွင် သူမသည် အလုပ်သမားပါတီ၏ ပါလီမန်အမတ် တစ်ဦးအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပါသည်။ သူမ၏ စွမ်းဆောင်နိုင်မှုများကြောင့် ၂၀၁၇ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နှစ်လခန့်အလိုတွင် အလုပ်သမားပါတီ၏ ဒုတိယခေါင်းဆောင်အဖြစ်လည်း ခန့်အပ်ခံခဲ့ရ ပါသည်။ ထို့အပြင် အထွေထွေရွေးကောက်ပွဲတွင်လည်း အလုပ်သမားပါတီ၏ ဝန်ကြီးချုပ်အဖြစ် ထပ်မံ ရွေးချယ်ခံခဲ့ရပါသည်။
🖤သူမသည် အသက်ငယ်ရွယ်သော်လည်း သူမဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်စဉ် အကျပ်အတည်းကာလ များတွင် သူမ၏ စာနာနားလည်ပေးမှုများနှင့် ခေါင်းဆောင်နိုင်မှုများသည် ကောင်းမွန်ကြောင်း သက်သေပြသနိုင်ခဲ့ပါသည်။ သူမတာဝန်ထမ်းဆောင်နေသည့် အချိန်ကာလအတွင်း တွင် စိန်ခေါ်မှုများစွာကို သူမ၏ ခိုင်မာသော ရပ်တည်ချက်များဖြင့် ရင်ဆိုင်နိုင်ခဲ့ပါသည်။ သူမအနေဖြင့် ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုတစ်ခုမှာ ကမ္ဘာကိုပင် တုန်လှုပ်စေခဲ့သော ၂၀၁၉ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သည့် မူဆလင် ဗလီနှစ်ခု တိုက်ခိုက်ခံရမှုပင် ဖြစ်ပါသည်။ အဆိုပါ အဖြစ်အပျက်တွင်လည်း သူမသည် ခေါင်းတွင် ပုဝါခြုံလျက် သေဆုံးခဲ့ရသူတို့၏ ဆွေမျိုးများကို ပွေ့ဖက်နှစ်သိမ့်ပေးခဲ့ပြီး တိုင်းပြည်၏ မွတ်ဆလင် အသိုင်းအဝိုင်းကို သူမ၏ ကိုယ်ချင်းစာနာမှု လုပ်ဆောင်ချက်များဖြင့် နိုင်ငံအတွင်း စည်းလုံးညီညွှတ်မှု ကို ပြသနိုင်ခဲ့ပါသည်။
 
🖤ထို့နောက် သူမသည် လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်မှုအစီအမံများကို လျင်မြန်စွာ ထုတ်ပြန်ခဲ့ပြီး အမုန်းတရားများနှင့် အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်း ပြင်းထန်သော သတင်းစကားများဖြင့် သူမ၏ ရပ်တည်ချက်ကို ရဲဝဲ့စွာ ပြသနိုင်ခဲ့ပါသည်။
 
🖤သူမအနေဖြင့် ကိုဗစ်-၁၉ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း သူမ၏ နိုင်ငံအတွင်း တင်းကြပ်သော မူဝါဒများနှင့် အစီအမံများကို လျင်မြန်စွာ ချမှတ်ပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါသည်။ အထူးသဖြင့် နိုင်ငံအတွင်း ရောဂါကူးဆက်ပြန့်ပွားမှုများ မဖြစ်ပေါ်လာစေရန် အခြားနိုင်များထက် စောလျင်စွာ ပိတ်ဆို့မှုများ ပြုလုပ်နိုင်ခဲ့ပြီး လျင်မြန်သော ခိုင်မာသည့် ဆုံးဖြတ်ချက်များကို ချမှတ်လုပ်ဆောင်ခဲ့ပါသည်။
 
🖤အထူးသဖြင့် အစိုးရဝန်ကြီးများ၏ လစာများကို လျော့ပေါ့ရယူခြင်းနှင့် ရောဂါကူးဆက်ပြန့်ပွားမှုများ လျော့ချနိုင်စေရန် သူမ၏နေအိမ်မှ Facebook Live ဖြင့်တဆင့် ပြည်သူများဖြင့်တွေ့ဆုံခြင်း၊ အပြန်အလှန်စကားပြောဆိုခြင်းများကို စံနမူနာအဖြစ် လုပ်ဆောင်ပြနိုင်ခဲ့ပါသည်။ သူမ၏ ပြတ်သားသော လုပ်ဆောင်ချက်များကြောင့် ရလဒ်အနေဖြင့် နယူးဇီလန်နိုင်ငံသည် အခြားနိုင်ငံများထက် ကိုဗစ်နောက်ဆက်တွဲ ဆက်စပ်အန္တရာယ် များကို ပိုမိုအောင်မြင်စွာ လျှော့ချလုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် သူမ၏ တည်ငြိမ်ပြတ်သားစွာ လုပ်ဆောင်နိုင်ခဲ့မှုများအတွက်လည်း တစ်ကမ္ဘာလုံးက ချီးကျူးထောပနာ ပြုခဲ့ကြရပါသည်။
 
🖤ဂျာစင်ဒါ အာဒါန်သည် ၂၀၁၇ခုနှစ်က ဝန်ကြီးချုပ်ရာထူးအတွက် ကျမ်းသစ္စာမဆိုမှီ ရက်ပိုင်းအလိုတွင်မှ သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရပါသည်။ ထို့ကြောင့် သူမသည် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘန်နဇီယာဘူတိုပြီးလျှင် နိုင်ငံတာဝန်ထမ်းဆောင်နေစဉ်အတွင်း ကလေးမွေးဖွား ခဲ့သော ဒုတိယမြောက် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါသည်။ အဆိုပါ ကလေးငယ်အား ကုလသမဂ္ဂအဆင့်မြင့် အစည်းအဝေးများသို့ ခေါ်ဆောင်လာပြီး လုပ်ဖော်ကိုင်ဖက်များ၏ အကူအညီဖြင့် နိုင်ငံ့တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါသည်။
 
🖤အခုလိုလုပ်ဆောင်ချက်များသည် အလုပ်နှင့် မိသားစုကို ဟန်ချက်ညီစေပြီး အမျိုးသမီးများ နိုင်ငံတော်အဆင့် ရာထူးများတွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ပုံကို လူအများက စံနမူနာအဖြစ် ပြောဆိုလာရသည့် ပြယုဂ်တစ်ခုအဖြစ်ပါ တွေ့မြင်ကြရမည် ဖြစ်ပါသည်။ အလုပ်နှင့် မိသားစုဘဝကို ဟန်ချက်ညီခဲ့သည့် အဓိကသော့ချက်သည် လက်တွဲဖော်နှင့်လုပ်ဖော်ကိုင်ဖက်များ၏ ကူညီပါဝင်ပံ့ပိုးမှုများ ရရှိခဲ့ခြင်း ဖြစ်ပါသည်။
 
🖤ထို့အပြင် သူမသည် ကလေးငယ်များ၏ ဆင်းရဲမွဲတေမှုကို ဖြေရှင်းရန် နယူးဇီလန်နိုင်ငံသားများ၏ ကျန်းမာရေးကို မြှင့်တင်ရန်စသည့် မူဝါဒများကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ သူမ၏ ခေါင်းဆောင်မှု အရည်အသွေးများသည် သူမအား ကမ္ဘာလုံးဆိုင်ရာ စံနမူနာအဖြစ် တွေ့မြင်ခဲ့ရပါသည်။ ထို့အပြင် သူမသည် ဆိုရှယ်ပလက်ဖောင်းကို အသုံးပြုကာ နိုင်ငံတကာတွင် ရာသီဥတုဆိုင်ရာဆောင်ရွက်မှုများ၊ ဒုက္ခသည်များနှင့် အမျိုးသမီး အခွင့်အရေးများအတွက် ထောက်ခံအားပေးလှုံဆော်မှုများ လုပ်ဆောင်လျက်ရှိပါသည်။
 
🖤မစ္စအာဒန်၏ အမြဲပြောလေ့ရှိသော သတင်းစကားတစ်ခုမှာ “ခိုင်မာကြပါ၊ ကြင်နာကြပါ” ဖြစ်ပါသည်။ သူမသည် ငယ်ရွယ်သော်လည်း သူမ၏ သတင်းစကားအတိုင်း ဂရုစိုက်မှု၊ အရည်အချင်းပြည့်မီမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုများဖြင့် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ဖန်တီးပြနိုင်ခဲ့ပါသည်။ အဆိုပါအချက်များသည် အမျိုးသမီးတစ်ဦးအနေဖြင့် ဦးဆောင်လုပ်ကိုင် နိုင်ကြောင်း သက်သေပြ လျက်ရှိပါသည်။ သူမသည် နယူးဇီလန်နိုင်ငံကို ထိထိရောက်ရောက် ဦးဆောင်နိုင်ရုံသာမက ကမ္ဘာတစ်ဝှမ်းရှိ လူအများအား သူမ၏ ခေါင်းဆောင်မှုဖြင့် လှုံ့ဆော်ပေးနိုင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။
 
🖤သူမသည် လက်ရှိတွင် နယူးဇီလန်နိုင်ငံ၏ မျှော်လင့်ချက်နှင့် တိုးတက်မှုသင်္ကေတအဖြစ်သာမက စာနာမှု ကို အခြေခံသောခေါင်းဆောင်၊ အခက်ခဲဆုံးအချိန်များတွင် အပြုသဘောဆောင်သော ပြောင်းလဲမှု များကို ဆောင်ကြဉ်းပေးနိုင်သောပုဂ္ဂိုလ်အဖြစ် အထင်အရှား တွေ့မြင်ကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးများသည်လည်း ဂျာစင်ဒါ အာဒါန် ကဲ့သို့သော စာနာမှုရှိသော ခိုင်မာသည့် ခေါင်းဆောင်များဖြစ်လာနိုင်ကြောင်း သူမ၏စံနမူနာများမှတဆင့် သင်ယူနိုင်လေ့လာနိုင်ရန် ဖော်ပြလိုက် ရပါသည်။