🌺ပြည်သူများရဲ့ စာနာထောက်မမှုတွေ လိုအပ်နေတဲ့ လိမ်အလုပ်သမ ခရေတို့ဘဝ 🌺

You are currently viewing 🌺ပြည်သူများရဲ့ စာနာထောက်မမှုတွေ လိုအပ်နေတဲ့ လိမ်အလုပ်သမ ခရေတို့ဘဝ 🌺
📌ဝါးထရံနဲ့အိမ်လေးထဲမှာ ဖရောင်းတိုင်မီးရောင်လေးကြောင့် ဖုန်းကင်မရာ ထဲတွင် အသားရောင်လေးက သာမှန် ထက် အနီရောင်လေး သန်းနေ သရောင်ထင်ရတဲ့ ခရေပြုံးနေတာကို မြင်လိုက်ရတယ်။ ခရေဟာ အသက်လေးဆယ်ဝန်းကျင်ခန့်ရှိပြီး အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နဲ့ စကားပြောရင် ပြုံးနေတဲ့ မျက်နှာလေး ပိုင်ဆိုင်ထားသူတဦးဖြစ်တယ်။ သူမဟာ မိုးကုတ်ဘက်မှ ခင်ပွန်းရှိရာ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ရပြီး ကလေးရှစ်ယောက်မိခင်တဦးဖြစ်တယ်။ ခရေဟာ ခြောက်ယောက်မြောက် ကလေး ၂ လ သားရှိစဉ် အခါ လိင်အလုပ်သမ ဘဝကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
📌ခင်ပွန်းသည်က ယဉ်တိုက်မှုကြောင့် ခါးဆစ်ပြုတ်တော့ ဆေးကုစရိတ် အပြင် လူသေဆုံးမှုအထိ ဖြစ်ခဲ့ရတော့ လျော်ကြေး၊ နာရေး၊ အမှုကြေအေး ပေးဖို့ ပေးရတဲ့ အကြွေးအတိုးနှုန်းတွေက ခရေကို လိင်အလုပ် သမဘဝအဖြစ် သို့ တွန်းပို့လာစေခဲ့ပါတယ်။
📌ယောက်ျားဖြစ်သူ ကားမတော်ဆမှုနဲ့ ထောင်ကျခဲ့ပြီးနောက် “ယောက်ျားက နန်တိန်မှာ ကားတိုက်မှုနဲ့ ချုပ်ကျသွားတော့ ရှိသမျှလည်းကုန်၊ ကိုယ်တွေသားအမိတွေစားဖို့အပြင် အချုပ်ခန်းထဲက ယောက်ျား အဖို့ စားသောက်စရိတ်နဲ့ ရေချိုးဖို့ ရဖိုးကအစ ထောက်ပံ့ပေးရတယ်။”
📌“မေမေညဈေးက ထမင်းကြော်ဆိုင်မှာ အလုပ်သွားလုပ်မယ်” ဆိုပြီး ကလေးတွေကို ပြောခဲ့တယ်။ လသားလေးကို ကြည့်ပေးဖို့ ငွေ ၈၀၀၀ ပေးပြီး ကလေးထိန်းခေါ်ထားခဲ့ရတယ်။ မှတ်မှတ်ရရ အဲ့ညမှာ ကြောက်ကြောက်နဲ့ သူငယ်ချင်းတွေ ပြောပြတဲ့အတိုင်း အရဲစွန့်ပြီး လုပ်ခဲ့တယ်။ အိမ်ပြန်တော့ ငွေသုံးသောင်းကျပ် ပါလာတယ်။ နေ့ခင်းပိုင်းလုပ်တဲ့အလုပ်က မိသားစုစားဖို့ပင် မကာမိတော့ လိင်အလုပ်သမလုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ ဇွန်လ၊ ၁၄ ရက်မှာ စတင်ဝင်ရောက်ခဲ့ရပုံကို ခရေရဲ့ ဘဝမှာ မေ့လို့မရတဲ့ ရက်စွဲတွေထဲက တခုဖြစ်နေတယ်ဆိုတာကို ပြောရင်း ကျလာတဲ့ မျက်ရည်စက်တွေက ဖော်ပြပေးနေခဲ့ပါတယ်။ အဲ့ညက ရလာတဲ့ ငွေသုံးသောင်းကျပ်ဟာ ကယ်ရီခ ၃၀၀၀၊ ကလေးထိန်းခ ၈၀၀၀ နှုတ်ပြီး လက်ကျန် ကသာ ခရေတို့ သားအမိ ၇ ယောက် စားဖို့အတွက် ရင်အေးစွာနဲ့ အိပ်ပျော်စေခဲ့ပြီ။
📌 “နေ့ခင်းမှာ ကလေးတွေနဲ့ အိမ်အလုပ်၊ အချိန်ပိုင်းအလုပ်သွား ရတော့ ညဘက် ဧည့်သည်ကို ဝန်ဆောင်မှု ပေးရင်း ပင်ပန်းလို့ အိပ်ပျော်သွားတော့ သူ့ဆီက ပိုက်ဆံမရတဲ့အပြင် ကျမမှာပါလာတဲ့ပိုက်ဆံနဲ့ ဖုန်းပါ ခိုးသွားလို့ အပြန်လမ်းစာရိတ် မကျန်တဲ့ အခါလည်း ရှိဖူးတယ်” အဲလိုရက်တွေဆိုရင် လမ်းစရိတ်ပင်မရဘဲ ကုန်းကြောင်း လျှောက်ပြန်ရတဲ့အတွက် မနက် ၃ နာရီတွင် စတင်ရောင်းချတဲ့ မိုးမလင်းဈေး(ခေါ်) တမြို့လုံးက ဟင်းသီးဟင်းရွက် ဈေးသည်တွေ ဖောက်သည်တွေ ရောင်းဝယ် ဖောက်ကားချိန်မှ အိမ်ပြန်ရောက်ခဲ့ရတယ်။
📌ဖောက်သည်တွေမှာလည်း လူတန်းစားမျိုးစုံပြီး အချို့က ကာအကွယ်သုံးဖို့ ပြောတော့ လက်မခံ၊ မူးနေတဲ့အချိန်တွေဆိုရင် လည်ပင်းညှစ်ပြီး အကြမ်းဖက်ခံရလို့ တည်းခိုခန်း ပိုင်ရှင်က ယ်ပေးခဲ့ဖူးကြောင်းနဲ့ ဘာသာရေးသမား ဧည့်သည်နဲ့ ကြုံခဲ့ရပုံကိုလည်း အရွှင်းဖောက် ဟာသ ပြောပြခဲ့ပါတယ်။
📌ခရေတို့သားအမိအတွက်တော့ ကံစိုးမိုးမှောင်ကျတဲ့ ညလို့ပင် ဆိုရမယ် လာနေကျ ကလေးထိန်းပေးသူက မလာတော့ဘူး။ ညအလုပ်က မသွားရင် ကလေးဆေးဖိုးလိုအုံးမယ်။ ခရေက ကယ်ရီသမား ခေါ်ပြီး မြစ်ကြီးနား ရထားဘူတာ ဝန်ထမ်းအိမ်ရာ တန်းလျားဘက်က အသိအိမ်ဆီ အဖျားရှိနေတဲ့ ၃ လသားလေးကို ထိန်းပေးဖို့ ထားခဲ့အပြီး အလုပ်တည်နေရာသို့ လာခဲ့တယ်။
📌ခါတိုင်းလိုပဲ မြစ်ကြီးနားမြို့ ညဈေးရောက်ချိန်မှာ ကယ်ရီသမားကို “ကယ်ရီခကို အပြန်ကြမှ ပေါင်းယူနော်” လို့ ှမ်းပြောအပြီး လုပ်ဖော် ဆောင်ဖက်များနဲ့အတူ ဧည့်သည်စောင့်နေချိန်ဝယ်“ချောင်ပိတ်ပြီး အဖမ်းခံခဲ့ ရတယ် အမှတ်(၂)ရဲစခန်းကို ကျမနဲ့အတူ ၁၀ယောက် ပါသွားတယ်”။ အဲညမှာ အရင်လိုပိုက်ဆံပေးပြီး လွတ်လမ်း ရှာပေမယ့်မရခဲ့တော့ နေမကောင်းတဲ့သားကို ခေါ်ပေးဖို့ တောင်းပန်ခဲ့ရတဲ့အကြောင်းကို “ကျမသားလေး နေမကောင်းဘူး၊ နို့လည်းဆာနေတော့မယ်၊ သူများအိမ်မှာထားခဲ့ရတာ ဈေးနားက ကယ်ရီသမား ကို ခေါ်ခိုင်းပေးပါလို့ တောင်းပန်ပေမယ့် တော်ရုံနဲ့ မရဘူး” ရဲဘက်မှ “နင်လိမ်နေ တာလား၊ နင့်ကလေးတွေအားလုံးကို မိဘမဲ့ဂေဟာပို့လိုက်မယ်၊ အချုပ်က ၃ နှစ်အထိ ချပစ်လို့ရတယ် သိလား” ဆိုပြီး ကြိမ်းမောင်းခံရကြောင်းကို ပြောပြခဲ့တယ်။
📌နောက်ဆုံးတော့ “၁၀ ပေ ပတ်လည်အချုပ်ခန်းထဲကို ကျမ ကလေးခေါ်လာပေးတယ်၊ တညလုံး အဖျားတက်လိုက် ကျလိုက်နဲ့ ညည်းနေတာပေါ့” ခရေအဖို့ အဲညက မိုးမြန်မြန်လင်းပြီး အာမခံရဖို့ ဆုတောင်းခဲ့ရပုံကိုပြောရင်း ကျလာတဲ့မျက်ရည်စက်ကို လက်ဖမိုးလေးဖြင့် သုတ်ရင်း တုန်ရင်နေတဲ့ အသံမဆုံးခင်မှာပဲ တိုးဝင်သွားခဲ့တယ်။
📌လိင်အလုပ်သမလုပ်တာကို ကလေးတွေမသိအောင် အဝတ်အစားခိုးဝှက် လာပြီး မြို့ထဲရောက်မှ ပြင်ဆင်သွားခဲ့တယ်။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေ၊ ဝေဖန်မှုတွေ၊ စောင်းရွဲ့ပြောဆိုမှုတွေ ရင်ဆိုင်ခဲ့ရပုံကို “ကျမတို့ကိုမြင်ရင် အော်အီးအီးအွတ်၊ လမ်းမှာမြင်ရင် “ထွီး”၊ အလုပ်သွားနေကြ တည်းခိုးခန်းကို အစွဲပြုပြီး “သစ္စာရှင်မ”၊ “ဧရာမကြီးလာပြီ”၊ “သစ္စာမှာစောင့်မယ်နော်”။ ခရေရဲ့ ၁၃ နှစ်အရွယ် ကျောင်းသူလေးဟာဆိုရင်လည်း “ဖာသည်မ သမီး၊ နင်လည်း ဖာသည်မပဲ ဖြစ်မှာပဲ” စသဖြင့် ပြောခံရခြင်းကြောင့် ကျောင်းအုပ်ထံသွားရောက် တိုင်တန်းသော်လည်း “ကျောင်းက ကိစ္စအိမ်ကိုသယ်မသွားဖို့ ပြောထားတယ်၊ ပြဿနာမရှာကြနဲ့” ဆိုတဲ့ အဖြေများဖြင့်သာ ပြန်လာခဲ့ ရတယ်လို့ ပြောပြခဲ့တယ်။
📌လက်ရှိမြစ်ကြီးနားတွင် နယ်ဘက်မှ ရောက်ရှိလာသော ဆယ်ကျော်သက်မိန်းကလေးတွေ အများကြီးက လိင်အလုပ်သမလုပ်ငန်းထဲ ရောက်ရှိလာနေပြီး “ခေါင်းတွေအိမ်မှာ နေကြရတယ်၊ သူတို့လေးတွေ ရရစားစား၊ အကြွေးတွေနဲ့ပဲ” လိင်အလုပ်သမလေးတွေဟာ ဖုန်းတွေလိုချင်တော့ ခေါင်းတွေဆီက ဖုန်းကို အကြွေးနဲ့ဝယ်၊ နေ့ပြန်တိုးနဲ့ ဆပ်နေကြရပြီး၊ အချို့မှာ ပွဲစားတွေက ကြိုတင်ငွေထုတ်ယူ သွားတဲ့အတွက် လစာမရဘဲ လုပ်နေကြရတဲ့ သူများရှိနေတယ်။ အဲဒီအပြင် ဧည့်လာချိန် နောက်ကျလို့၊ အိပ်ငိုက်လို့ ခေါင်းစဉ်အမျိုးမျိုးဖြင့် ငွေဖြတ်ခံရသေးတယ်။
📌ထွက်ပြေးလွတ်မြောက်သူများရှိပေမယ့် အများစု ကတော့ သူတို့ကွန်ရက်က မကျော်လွန်နိုင်ဘဲကြုံနေရပြီး၊ ထပ်ဆင့်အခြားနယ်များသို့ ပြောင်းရွှေ့ လုပ်ကိုင်စေခြင်း တွေလည်း ရှိနေတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပြလာပါတယ်။
📌လတ်တလော လိင်အလုပ်သမ‌ဈေးကွက်ကအရင်လိုအခြေအနေမရှိ။ ညဘက်လုံခြုံရေးကြောင့် အပြင်ထွက်သူ သိပ်မရှိခြင်း၊ ဧည့်သည်တွေက လမ်းပေါ်က လိင်အလုပ်သမတွေကိုဆို အယုံအကြည် မရှိတော့ ခေါင်းတွေ၊ တည်းခိုခန်းနဲ့ ချိတ်ထားတဲ့ သူတွေကသာ အလုပ်အကိုင်အနည်းငယ် အဆင်ပြေကြ ကြောင်း အမည်မဖော်လိုသူ တဦးက “အရင်လိုခေတ် မကောင်းတော့ သိပ်လုပ်ကိုင်စားလို့ မကောင်း တော့ဘူး” ပြောပါတယ်။ အခုနောက်ပိုင်း သူတို့ကို ကူညီပေးနေတဲ့အဖွဲ့တွေလည်း ငွေကြေးထောက်ပံ့မှု အကန့်အသတ်ရှိ လာသောကြောင့် ခေတ္တနားခိုဖို့ နေရာမရှိခြင်းကြောင့် “နယ်ကလာတဲ့ညီမတချို့ဆို လမ်းဘေးတွေမှာ အိပ်၊ ညဘက်ရောက်မှ သူငယ်ချင်းအိမ်တွေမှာ သွားအဝတ်အစားလဲ၊ ပြင်ဆင်ပြီး ညအလုပ် ဆင်းရတယ်”။ အဲဒီထဲက တချို့မှာ ပုလင်းခွံတွေကောက်ရောင်းပြီး ဝမ်းစာ ဖြေရှင်းရတယ်။
📌လက်ရှိမြန်မာနိုင်ငံတည်ဆဲဥပဒေ(၁၉၄၉ ဥပဒေ)ထက် ပြည်ထိန်းရဲမှ ထပ်မံထုတ်ထားတဲ့ ဥပဒေမူကြမ်း ဟာ ထောင်ဒဏ်တွေပိုများလာခြင်း၊ ငွေဒဏ်တွေပိုမိုများလာခြင်းနဲ့ ဥပဒေစိုးမိုးခြင်းမရှိခြင်းက လိင်အလုပ်သမတွေအတွက် အကြီးမားဆုံးပြဿနာတခုဖြစ်နေတယ်။
📌ခရေပြောပြတဲ့ အင်ဖိုမာများက သူမအလုပ်က ပြန်လာလို့ပဲဖြစ်ဖြစ်၊ လမ်းတနေရာရာမှာ တွေ့လို့ပဲ ဖြစ်ဖြစ် “ဟေ့ သစ္စာမ ငါ့လက္ဘ်ရည်တိုက်ပါအုံး၊ လမ်းကြေးပေးပါအုံးနဲ့ တခါတလေ အိမ်ပြန်စရိတ်က ခွဲပေးခဲ့ရတယ်”။
📌ရန်ကုန်မှာ လုပ်ကိုင်နေတဲ့ လိင်အလုပ်သမတွေအဖို့ အင်ဖိုမှာ(ခေါ်) ရဲသတင်းပေး တွေက ဧည့်သည်အသွင်ယူပြီး လိင် အလုပ်သမတွေကို လိုက်လံဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်း၊ လိင်အမြတ်ထုတ်နေမှုတွေကလည်း စိန်ခေါ်တခုဖြစ်နေတယ်လို့ သိရပါတယ်။
📌ခရေကတော့ ဘဝတူ ညီအစ်မများကို ကူးစက်ရောဂါ မကူးအောင် အဖော်အသုံးပြုဖို့၊ ကူးစက်ခံရခဲ့ ပါကလည်း ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပေးနေပြီ ဆိုတဲ့အကြောင်းကို “ကျန်းမာရေးမကောင်းတဲ့ သူဆိုရင် အကူအညီပေးနေတဲ့ TOP, AZG အဖွဲ့တွေမှာ သွားပြီး သွေးစစ်ကြည့်ဖို့၊ ဆွေးနွေးတိုင်ပင်ဖို့ ပြောပြပေးတယ်။ ဆေးယူသောက်ဖို့လို နေတဲ့သူတွေ ကိုလည်း ဆေးရဖို့ လိုက်လုပ်ပေးတယ်” ဘဝအခက်အခဲတွေကို အန်တု ကျော်ဖြတ်ရင်း လိင်အလုပ်သမ ဘဝကနေရုန်းထွက်ပြီး ယခုအချိန်မှာ ဘဝတူများကို ကူညီပေး နေတဲ့ စေတနာ့ဝန်ထမ်းလေး အဖြစ် ရောက်ရှိနေပြီဖြစ်တယ်။
📌ဒါပေမယ့်လည်း အဖက်ဖက်မှ ခက်ခဲနေရတဲ့အခြေအနေမှာ လိင်အလုပ်သမတွေရဲ့အလုပ်ကို လုပ်ငန်းတခုအနေ ဖြင့် လက်ခံဖို့၊ သူတို့လိုအပ်နေတဲ့ ကျန်းမာရေး အသိပညာ၊ အထောက်ပံ့ တွေကို ဆက်လက်ရရှိဖို့က အလှမ်းဝေး နေပေမယ့်လည်း “လူကိုလူလိုမြင်ပြီး၊ ဝိုင်းဝန်းကူညီ” ပေးတဲ့ လူမှုအသိုင်းအဝန်း လေးကို ပြည်သူအချင်းချင်း ဖော်ဆောင်ကြဖို့ ဆန္ဒပြုတင်ဆက် လိုက်ပါတယ်။
📝စာရေးသူ- ကချင်မလေး