မိသားစုအတွင်း ကျွန်မဟာ သမီးဉီးဆိုတော့ တစ်အိမ်လုံးရဲ့ချစ်ခြင်းမေတ္တာ စုပုံရရှိထားသူပေါ့။ ကလေးသဘာ၀ အတိုင်း ပျော်ရွှင်စွာကြီးပြီးလာခဲ့တယ်။ မမျှော်လင့်ပဲ ကျွန်မ သုံးနှစ်ပြည့်တဲ့နေ့မှာတော့ ကျွန်မဘ၀ တဆစ်ချိုးပြောင်းလဲသွားခဲ့တယ်။ အဖျားအရမ်းကြီးပြီး အဖျားမကျတာကြောင့် ဆေးရုံရောက်သွားပြီး ဆေးရုံမှာ သုံးရက်တိတိ မေ့မြောနေခဲ့တယ်။ ဆရာဝန်တွေက “ဒီကလေးက အသက်ရှင်ဖို့မသေချာတော့ဘူး၊ အိမ်ခေါ်သွားလို့ ရပြီ” လို့ အမေ့ကိုပြောပေမဲ့ အမေက လက်မလျှော့ဘဲ ဆေးရုံမှာပဲ ဆက်လက်ကုသဖို့ဆုံးဖြတ်ပြီး ကျွန်မဘေးမှာ ဒူးထောက်ဆုတောင်းပြီး စောင့်ကြည့်နေခဲ့တယ်။ လေးရက်မြောက်နေ့မှာတော့ သတိပြန်လည်လာခဲ့တယ်။ ဒါပေမဲ့ လမ်းမလျှောက်နိုင်တော့ဘူး။ ပိုလီယို ရောဂါ (တစ်နည်းပြောရရင်တော့ အရိုးပျော့ရောဂါပေါ့) ကြောင့်ပေါ့။ ကျွန်မ လမ်းမလျှောက်နိုင်တော့ အားလုံးက အမေ့ကို ဝိုင်းပြီးအပြစ်တင်တာတွေလည်း ရှိခဲ့တာပေါ့။ ကလေးဒီလိုဖြစ်တာ အမေကြောင့်၊ အဖွား အရမ်းဆိုးလို့ စသည်ဖြင့် လွဲမှားသောအယူအဆတချို့ကြောင့် အနှုတ်သဘောဆောင်တဲ့ ဝေဖန်မှုတွေများစွာကို အမေရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် ဝေဖန်မှုတွေကို လစ်လျှူရှုရင်း တတ်နိုင်သလောက် အမေဟာ ကျွန်မလမ်းပြန်လျှောက်လာနိုင်ဖို့အရေး မြန်မာပြည်အနှံ့ ကျွန်မကို ကျောပိုးပြီး ဆေးကုသပေးခဲ့တယ်။ မမျှော်လင့်ဘဲ အဖွား ရုတ်တရက်ဆုံးသွားတော့ မကွေးတိုင်းဒေကြီး၊ မင်းဘူးမြို့နယ်မှာ မြန်မာအနှိပ်ဆရာနဲ့ ကုသနေတာကိုရပ်တန့်ပြီး အိမ်ကိုပြန်လာခဲ့တယ်။
ဒီလိုနဲ့ ကျောင်းနေရမဲ့အရွယ်ရောက်လာတော့၊ အမေဟာ ကျွန်မလမ်းမလျှောက်နိုင်တော့တဲ့ ကျွန်မရဲ့ဖြစ်တည်မှု ဟာ ပြောင်းလဲလို့မရတဲ့အရာဖြစ်တယ်။ ဒါကြောင့် တခြားကလေးတွေလိုပဲ ကျောင်းအပ်ဖို့ အမေဆုံး ဖြတ်ခဲ့တယ်။ ပတ်ဝန်းကျင်၊ ဆွေမျိုးအသိုင်းအဝိုင်းတွေကတော့ “ဒီကလေးကို ကျောင်းတက်ခိုင်းပြီး စာတတ်ရင်ကော ဘာလုပ်နိုင်မှာလဲ၊ ဒီအတိုင်း အိမ်မှာပဲ ထမင်းချက်၊ အိမ်အလုပ်တွေပဲကူခိုင်း” ဆိုတဲ့ များစွာသော မေးခွန်းတွေကို အမေရင်ဆိုင်ခဲ့ရတာပေါ့။ ဒါပေမဲ့ အမေလက်မလျှော့ခဲ့ပါဘူး။ အမေ့ကျေးဇူးကြောင့်သာ ကျောင်းပညာကို ဆုံးခန်းတိုင်အောင် သင်ကြားခွင့်ရခဲ့ပါတယ်။
သူငယ်တန်းကနေ လေးတန်းအထိတော့ ရပ်ကွက်မှာရှိတဲ့ မူလတန်းကျောင်းမှာပဲ ကျောင်းတက်ခဲ့တယ်။ မူလတန်း အထိတော့ အခက်အခဲ၊အတားအဆီးတွေ အများကြီး မရင်ဆိုင်ခဲ့ရပေမဲ့၊ အထက်တန်းကျောင်းကိုပြောင်းတဲ့အခါမှာ တော့ အတားဆီးပေါင်းများစွာ စတင်ကြုံတွေ့ရတော့တယ်။ ငါးတန်းစတက်ချိန်မှာတော့ ကျောင်းခန်းနဲ့ အိမ်သာ အလှမ်းဝေးတာကြောင့် အိမ်သာတက်ဖို့ အခက်အခဲများစွာ စတင်ကြုံတွေ့ရတယ်။ ကျောင်းမှာ အိမ်သာတက်ဖို့ အဆင်မပြေတော့ မနက်ကျောင်းမသွားခင် အိမ်မှာပဲ အလေး၊အပေါ့ကိစ္စ အပြီးအစီးလုပ်ပြီးမှ ကျောင်းသွားဖြစ် တယ်။ ရာသီစလာတော့လည်း အခက်အခဲအများကြီးကြုံရတယ်။ တစ်နေ့လုံး အိမ်သာသွားပြီး ဂွမ်းထုတ်လဲလည်ဖို့ အဆင်မပြေတော့ ဘေးမှာထိုင်တဲ့ သူငယ်ချင်းတွေကို အရမ်းအားနာရတာတွေရှိခဲ့တယ်။
ဒီလိုနဲ့ အတန်း တစ်တန်းပြီးတစ်တန်းတက်ချိန်မှာ စာသင်ခန်း အပြောင်းအရွှေ့တွေလည်းရှိတော့ အဲဒီအချိန်တွေဆို ပိုဆိုးတယ်။ အပေါ်ထပ်အခန်း ကျတဲ့အချိန်ဆို တစ်နေ့လုံး အခန်းထဲမှာပဲ။ ကျောင်းရဲ့ လှုပ်ရှားမှုတွေမှာလည်း ဆယ်တန်းအောင်တဲ့ထိ ပါဝင်ခွင့်မရခဲ့ဘူး။ (ဥပမာပြောရရင်- ကျောင်းရဲ့ Assembly၊ စုံညီပွဲတော် အစရှိတဲ့ ကျောင်းရဲ့လှုပ်ရှားမှုတွေမှာပေါ့)။ ကျောင်းသူဘဝ သတိရစရာဆိုလို့ စာသင်ခန်းထဲမှာ တစ်ယောက်ထဲ နေခဲ့တာတွေပဲရှိခဲ့တယ်။ အဲဒီအချိန်တုန်းက ဘီးတပ်လှည်း(wheelchair)လည်း မသုံးခဲ့ရတော့ အရမ်းခက်ခဲ ခဲ့တယ်။ မိသားစုရဲ့ချစ်ခြင်းမေတ္တာကြောင့်သာ မဟုတ်ခဲ့ရင် ကျောင်းပညာကို ပြီးဆုံးအောင်တက်နိုင်ခဲ့မှာ မဟုတ်ပါဘူး။
တက္ကသိုလ်ရောက်တော့လည်း သိပ်ပြီးမထူးခြားပါဘူး။ ကျောင်းရဲ့ကန်တင်းမှာ တစ်ခါမှမထိုင်ဖြစ်ခဲ့ပဲ ကျောင်းပြီး ခဲ့တယ်။ စာအုပ်တွေကသာ ကျွန်မရဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ အဖော် ဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ကျောင်းပြီးသွားချိန်မှာတော့ လမ်းတွေပျောက်နေခဲ့တာပေါ့။ ကျောင်းပြီးထားတဲ့သန်စွမ်းသူတွေတောင် အလုပ်အကိုင် ရှားပါးနေချိန်မှာ ကျွန်မတို့လို မသန်စွမ်းသူတွေအတွက်တော့ ပိုဆိုးတာပေါ့။ ပတ်ဝန်းကျင်၊ ဆွေမျိုးတွေက အိမ်မှာပဲ နေရင်း ဇာထိုး၊ပန်းထိုး သင်ရင်း အိမ်မှာပဲနေဖို့ အားပေးမှုတွေရှိပေမဲ့၊ ကျွန်မရဲ့ခံယူချက်က လူ့ဘဝဆိုတာ သိပ်တန်ဖိုးရှိတယ်။ လှုပ်ရှားသွားလာလို့ရနေသေးတဲ့အချိန်မှာ အိမ်မှာပဲ ဘဝကို မကုန်ဆုံးချင်ဘူး။ ဘာတွေလုပ်လို့ရမလဲဆိုတာ အမြဲတွေးနေခဲ့တယ်။ တခြားသူတွေကို ပြောပြရင်တော့ ဟာသတစ်ခုပေါ့။ ဒါပေမဲ့ ကျွန်မ အမေနဲ့ အဖေဟာ ကျွန်မရဲ့ ဘဝရည်ရွယ်ချက်တွေကို ယုံကြည်ပေးခဲ့တော့ အိမ်မက်တွေကို လက်မလျှော့ခဲ့ဘူး။
အချိန်တစ်ခုရောက်လာချိန်မှာတော့ ရန်ကုန်ကိုဆင်းလာဖို့ အခွင့်အလမ်းပေါ်လာတော့ ရန်ကုန်ရောက်လာခဲ့တာ ပေါ့။ ရန်ကုန်မြို့ စရောက်လာတော့ ဘွဲ့ရပေမဲ့ ကွန်ပျူတာမတတ်၊ English မတတ်တော့ အလုပ်အကိုင်ရဖို့ ခက်ခဲတာပေါ့။ အလုပ်ခေါ်စာတွေမှာလည်း ကျန်းမာသန်စွမ်းတဲ့သူဖြစ်ရမယ်ဆိုတာ ထည့်ကြော်ငြာထားတော့ ပိုပြီး အခွင့်အလမ်းနည်းပါးတယ်။ မမျှော်လင့်ပဲ ဘုရားကျေးဇူးတော်ကြောင့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ အလုပ်သင်အနေနဲ့ စတင်အလုပ်လုပ်ဖို့ အခွင့်အလမ်းရရှိခဲ့တယ်။ ကျွန်မ အလွန်ပဲ ပျော်ရွှင်ဝမ်းမြောက်ခဲ့ရပါတယ်။ အခက်အခဲတွေတော့ရှိတာပေါ့။ ဥပမာပြောရရင် ကျွန်မနေတာက ၇-နှစ်လွှာ အထပ်မှာ။ မောင်နှမ၊ အဒေါ်တွေလည်း သူ့အလုပ်နဲ့ သူဆိုတော့ သူတို့နဲ့ကြုံရင်တော့ ကုန်းပိုးပြီးကြိုပေးတယ်။ သူတို့နဲ့ မဆုံရင်တော့ တစ်ယောက်တည်း ၇-လွှာအထိ တက်ရတာပေါ့။ နောက် အခက်အခဲတစ်ခုက သွားလာရေး။ အားလုံးသိကြတဲ့ အတိုင်း Bus ကားတွေက သန်စွမ်းသူတွေအတွက်တောင် မနဲတွယ်တက်ရတဲ့ အနေအထားတစ်ခုမှာ ကျွန်မလို wheelchair အသုံးပြုသူတစ်ယောက်အတွက်တော့ ဘယ်လိုမှ အဆင်ပြေမနေဘူးဆိုတော့ နေ့တိုင်း Taxi နဲ့ပဲ ရုံးသွား၊ရုံးပြန် လုပ်ခဲ့ရတယ်။ Taxi သမားတစ်ချို့ဆိုရင် မသန်စွမ်းသူတွေကိုတင်ရင် လာဒ်ပိတ်တယ်ဆိုပြီး လမ်းတစ်ဝက်ရောက်မှ ချထားတာ ခံရပြီး လမ်းမှာ နောက်တစ်စီးပြောင်းပြီး ငှားရတာတွေလည်းကြုံခဲ့ဖူးတယ်။
အခက်အခဲတွေ ပြောမယ်ဆိုရင်တော့ တစ်ထောင့်တစ်ညပုံပြင်လိုပဲပေါ့။ ကျွန်မရဲ့ ခံစားရတဲ့ ကောင်းချီးများစွာ ထဲကတစ်ခုက မိတ်ဆွေသူငယ်ချင်း၊ မိသားစုရဲ့ဖေးမမှုတွေကြောင့် ကျွန်မဝါသနာပါတဲ့အရာတွေ အကောင်အထည် ဖော်ခွင့်ရတယ်။ ဥပမာတစ်ခုဆိုရင် ခရီးသွားတာပေါ့။ Wheelchair နဲ့ပဲ မြန်မာပြည် နေရာတော်တော်များများကို ရောက်ဖူးခဲ့တယ်။
နိဂုံးအနေနဲ့ နှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ ပထမအနေနဲ့ မိသားစုမှာ ကလေးတွေအားလုံးကို တန်းတူချစ်ခြင်း မေတ္တာနဲ့ ပြုစုပျိုးထောင်ဖို့လိုပါတယ်။ သန်စွမ်းကလေး၊ မသန်စွမ်းကလေး၊ နင်ကညံ့တယ်၊ သူက မညံ့ဘူးဆိုပြီး ခွဲခြားလို့ မရပါဘူး။ အားလုံးက တန်ဖိုးရှိလူသားတွေဖြစ်တယ်။ ကျွန်မ ဒီလိုစွမ်းဆောင်နိုင်တာတွေက မိသားစုရဲ့ ယုံကြည်ပေးမှု၊ ချစ်ခြင်းမေတ္တာပေးမှုတွေက အခက်အခဲတွေကျော်ဖြတ်နိုင်ဖို့အတွက် ခွန်အားတွေဖြစ်ခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့အချက်ဖြစ်တယ်ဆိုတာ ကိုမျှဝေချင်ပါတယ်။
ဒုတိယအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်မတို့အားလုံးဟာ မတူညီမှုတွေရှိကြတယ်။ အသားအရောင်၊ အရပ်ရှည်တာ၊ အရပ်ပုတာ၊ သန်စွမ်းတာ၊ မသန်စွမ်းတာ ဒီလိုမတူညီမှုအားလုံးက တန်ဖိုးကိုယ်စီရှိတယ်။ မတူညီမှုတွေက ခွဲခြားဖို့ မဟုတ်ပါဘူး။ မတူညီမှုတွေအပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေကိုသာ ဖယ်ရှားရမှာပါ။ ဒါမှသာလျှင် ပိုကောင်းတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်လာမယ် ဆိုတာကို တင်ပြရင်း အဆုံးသတ်လိုပါတယ်။
