အမျိုးသမီးများ နှင့် ပညာရေးအကြောင်း ဆောင်းပါး

You are currently viewing အမျိုးသမီးများ နှင့် ပညာရေးအကြောင်း ဆောင်းပါး

 

📌ယနေ့ခေတ်ကာလ အမျိုးသမီးများရဲ့ ပညာရေးဟာ ဘယ်အတိုင်းအတာထိ တိုးတက်ပြောင်းလဲနေပါပြီလဲ?

📌အမျိုးသမီးများ ရဲ့ပညာရေးတိုးမှုဟာ ဘာကြောင့် အရေးကြီးပါသလဲ?

📌သူတို့ရဲ့ပညာရေးလမ်းကြောင်း ကို ဘယ်အရာတွေက ပိတ်ပင်တားဆီးမှုပြုထားပါသလဲ?

📌အမျိုးသမီးများပညာရေးမှာ ပိုမိုလက်လှမ်းမှီလာနိုင်ဖို့ရန် အတွက်ဘယ်လိုပံ့ပိုးကူညီမှုတွေ လိုအပ်နေပါသလဲ?

✅ပထမဦးစွာ ယနေ့ခေတ် အမျိုးသမီးများရဲ့ ပညာရေးကို စဉ်းစားကြည့်ကြရအောင်။ ယနေ့ကမ္ဘာမှာ အမျိုးသမီးများကို ကျောင်းတက်ဖို့ရန် ပံ့ပိုးအားပေးမှုတွေနှင့်အတူ ကျောင်းတက်ရောက်နိုင်တဲ့ အမျိုးသမီးဦးရေဟာလည်း ပိုမိုများပြားလာနေပါပြီ။ ခေတ်မှီတဲ့ နည်းပညာဆိုင်ရာကဏ္ဍ အမျိုးမျိုးမှာ ထူးချွန်လာကြသည်သာမက ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာပါဝင်လာကြတဲ့ အမျိုးသမီးဦးရေဟာလည်း အလွန်များလာပြီဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ ပညာလေ့လာဆည်းပူးဖို့ရန်အတွက် အခွင့်ရေးမရရှိကြသေးပါဘူး။ ကျောင်းဆက်မတက်ရဘဲ ကျောင်းနားလိုက်ရတဲ့ အမျိုးသမီးတွေအများကြီး ကျန်ရှိနေသေးတာကိုလည်း တွေ့မြင်ရပါတယ်။

✅၂၀၂၂ ခုနှစ် UNESCO ရဲ့စစ်တမ်းအရ ကလေးသူငယ်နှင့် လူငယ် ၂၄၄သန်း ဟာ ကျောင်းရပ်နားလိုက်ရတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီထဲမှာ ၁၁၈.၅ သန်းဟာ အမျိုးသမီးငယ်တွေဖြစ်နေတာကိုတွေ့ရပါတယ်။ ထို့အပြင် စာမတတ်မြောက်သူ လူကြီးပိုင်းဦးရေဟာ ၇၇၁ သန်းရှိပြီး အဲ့ဒီထဲမှာ ၆၅ရာခိုင်နှုန်း ကျော်( ၃)ပုံ(၂)ပုံ ကတော့ အမျိုးသမီးငယ်တွေဖြစ်ပါတယ်။ ✅မြန်မာနိုင်ငံမှာလည်း အမျိုးသမီးငယ် ၈၀ % မှာ မူလတန်းကျောင်းကို တက်နိုင်ကြပေမယ့်၊ အလယ်တန်း အဆင့်ကို ရောက်ရှိတဲ့အခါ ကျောင်းနား၊ ကျောင်းထွက်လိုက်ကြတာကို လေ့လာတွေ့ရှိရပါတယ်။

✅ကချင်ပြည်နယ်မှာလည်း စနစ်တကျ စစ်တမ်းကောက်ယူထားတာ မရှိသေးပေမယ့် ကျွန်နော်တို့ရဲ့ ပတ်ဝန်းကျင်ကို လေ့လာသုံးသပ်ကြည့်လိုက်ရင် ကလေးသူငယ်နဲ့ လူငယ်လူရွယ်တွေ အထူးသဖြင့် အမျိုးသမီးငယ်အများစုဟာ ကျောင်းနားလိုက်ကြတာကို မြင်တွေ့ရပါတယ်။

✅ဤကဲ့သို့ ကျောင်းနားလိုက်တာ၊ ပညာလေ့လာဆည်းပူးဖို့ရန် အားနည်းတာဟာ “ ဆင်းရဲနွမ်းပါးရခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ရွာများဖြစ်ခြင်း၊ လူဦးရေမများသည့် လူနည်းစုမျိုးနွယ်တို့မှာ အသက်ငယ်ရွယ်စဉ်မှာပဲ အိမ်ထောင်ပြုကာ ကလေးမွေးဖွားရခြင်း၊ အမျိုးသမီးများအကြမ်းဖက်ခံရခြင်း၊ ခွဲခြားဆက်ဆံမှုသည့် ရိုးရာဓလေ့များရှိခြင်း၊ စစ်မက် ဖြစ်ပွားခြင်း”တွေကြောင့်ဖြစ်တယ်ဆိုတာလေ့လာတွေ့ရှိရပါတယ်။

✅ထို့သို့ အမျိုးသမီးများ ပညာသင်ယူနိုင်ရန် အဟန့်အတားများဖြစ်စေသည့် အကြောင်းအရင်းများက ကျွန်တော်တို့ ကချင်လူမှုအသိုင်းအဝိုင်းမှာလည်းရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။

✅ဤကဲ့သို့ အမျိုးသမီးငယ်များ ကျောင်းထွက်နားလိုက်ရခြင်း၊ ပညာသင်ယူနိုင်မှုအားနည်းခြင်းဟာ အမျိုးသမီးများရဲ့ ဘဝကိုထိခိုက်စေရုံမက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုပါ များစွာ နစ်နာထိခိုက်ဆုံးရှုံးမှု ဖြစ်စေတာကို လေ့လာတွေ့ရှိရပါတယ်။

✅ကမ္ဘာ့နိုင်ငံအသီးသီးမှာ တွေ့ရှိရတဲ့လေ့လာတွေ့ရှိရတဲ့စစ်တမ်းများအရ အမျိုးသမီးတွေ ပညာတတ်မြောက်ခြင်းဟာ သူတို့ရဲ့ဘဝအတွက်တာမက နိုင်ငံအတွက်၊ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအတွက်ပါ များစွာအကျိုးပြုတယ်ဆိုတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

“အမျိုးသမီးငယ်နှင့် အမျိုးသမီးများ ပညာတတ်မြောက်ခြင်းဟာ အသက်ပေါင်းများကို ကယ်တင်နိုင်ရုံတင်မက ဆင်းရဲနွမ်းပါးခြင်း၊ မွေးကင်းစ ကလေးများ သေဆုံးရခြင်း နှင့် အသက်ငယ်ရွယ်စဉ် အိမ်ထောင်ပြုခြင်း တို့ကိုလည်း လျှော့နည်းသွားစေတယ်လို့” UNESCO ကဆိုထားပါတယ်။

✅UNICEF ထုတ်ပြန်ချက်အရ “အမျိုးသမီးများ ပညာတတ်မြောက်ခြင်းဟာ စီးပွားရေးကို တိုးတက်စေရုံသာမက မမျှတမှုတွေကိုလည်း လျှော့ပါးသွားစေပါတယ်။ ထို့အပြင် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးနှင့် ကျွန်ုပ်တို့အယောက်စီတိုင်းက (အမျိုးသမီး၊ အမျိုးသား) မိမိမှာရှိတဲ့ စွမ်းရည်ကို အသုံးချနိုင်ပြီး၊ ပိုမိုငြိမ်းချမ်းပြီး အားကောင်းတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကို ဆောင်ကျဉ်းပေးနိုင်မှာပဲ ဖြစ်ပါတယ်”

✅ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ” အမျိုးသမီးငယ်များနဲ့ အမျိုးသမီးများအတွက် ကောင်းမွန်တဲ့ ပညာရေးကို ရရှိရေးဟာ ၎င်းတို့ရရှိထိုက်တဲ့ လူ့အခွင့်အရေးဖြစ်ပြီး ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် လိုအပ်သောအရေးကြီးတဲ့ ကဏ္ဍတစ်ခုလည်းဖြစ်ပါတယ်။ သူတို့ပညာတတ်လာသည်နှင့်အမျှ ပိုမိုအရေးပါသော လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်လာနိုင်မယ် ဝင်ငွေတွေလည်းပိုမို တိုးပွားလာမှာပဲဖြစ်ပါတယ်။ ဒါတွေဟာ မိသားစုအတွက်သာမက လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံအတွက်ပါ စီးပွားရေးတိုးတက်စေပြီး ဆင်းရဲနွမ်းပါးတဲ့နိုင်ငံအဖြစ်မှလည်း ကျော်လွှားစေမှာပဲဖြစ်ပါတယ်”။

✅ဒါကြောင့် ဆင်းရဲနွမ်းပါးပြီး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျကျန်နေတဲ့ ကချင်လူမှုအသိုင်းအဝိုင်းအနေဖြင့်လည်း ယခုကဲ့သို့သော ဆင်းရဲဒုက္ခများမှ လွန်မြောက်နိုင်ရန်အတွက် အမျိုးသမီး၊ အမျိုးသား ခွဲခြားမှုမရှိဘဲ တန်းတူ ပညာတတ်မြောက်လာဖို့ရန် အလွန်အရေးကြီးလှပါတယ်။

✅ဒါဆို အမျိုးသမီးများ ပညာတတ်မြောက်လာဖို့ရန် ဘယ်လိုဝိုင်းဝန်းကူညီပံ့ပိုးကြမလဲ?

✅ကမ္ဘာ့ဘဏ်မှထုတ်ပြန်ချက်အရ အမျိုးသမီးများ ပညာရေးကို ထိရောက်စွာ သင်ယူနိုင်ရန် ကျောင်းသို့ ပို့ဆောင်ရုံဖြင့် မလုံလောက်ပါဘူး။ ကျောင်းတွင် စိုးရိမ်းပူပန်မှုမရှိဘဲ လုံခြုံစွာ ပညာသင်ယူနိုင်ရန်၊ အဆင့်မြင့်သော ပညာရပ်များကိုသင်ယူနိုင်ရန်၊ လုပ်ငန်းအသီးသီးအတွက် လိုအပ်တဲ့ အရည်အချင်းနဲ့ ပညာရပ်တွေကို သင်ယူနိုင်ဖို့ရန်၊ မိမိကံကြမ္မာ မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်ခွင့်ပေးရန် ၊ အသင်းအဖွဲ့များတွင် ပူးပေါင်းပါဝင်လာနိုင်ဖို့ အခွင့်အရေးတွေကို လည်းလမ်းဖွင့်ပေးရန်လည်း အလွန် အရေးကြီးပါတယ်။ အမျိုးသမီးများ၏ပညာရေးအတွက် ရင်းနှီးမြုပ်နှံခြင်းဟာ လူမှုအသိုင်းအဝိုင်းအတွက်သာမက နိုင်ငံအတွက်၊ ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ တိုးတက်ပြောင်းလဲစေပါတယ်။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုပတ်ဝန်းကျင်တိုးတက် စေရန်အတွက်ကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။

✅ဒါကြောင့် ကျွန်ုပ်တို့ရဲ့အမျိုးသမီးတွေကို စာပေပညာဆည်းပူးဖို့ရန် ကျောင်းသို့ပို့ဆောင်ခြင်းသာမက စိတ်လုံခြုံမှုရှိသော ကျောင်းဖြစ်ဖို့ရန် နှင့် ၎င်းတို့စိတ်ဝင်စားသော ပညာများကို လွှတ်လွှတ်လပ်လပ် လေ့လာသင်ယူနိုင်ဖို့ရန်လည်းလိုအပ်ပါတယ်။ ၎င်းတို့၏အနာဂတ် ကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ဖို့ရန်အတွက် မိသားစုနဲ့ လူမှုအသိုင်းအဝိုင်း အနေနဲ့လည်း အားပေးကူညီထောက်ပံ့မှုတွေ ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ကြရအောင်လို့ နှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။ 🔚🔚🫶💦