ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားပြီးသည့်နောက် သတိပြုရမည့်အချက်များ

You are currently viewing ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားပြီးသည့်နောက် သတိပြုရမည့်အချက်များ

✍️နိုင်ငံနှင့် လူမျိုးစုတစ်ခု တိုးတတ်ဖွံ့ဖြိုးလာရန်အတွက် အခြေခံအချက်မှာ ကျန်းမာသွက်လက်သန်မာတဲ့ ပြည်သူလူထုများစွာ ရှိနေဖို့လိုအပ်ပါတယ်။ ဒီလိုပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်ဖွံ့ဖြိုးတဲ့ ပြည်သူတွေဖြစ်ဖို့အတွက် မိခင်တွေက အဓိကဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ လူတစ်ယောက် တိုးတတ်ဖွံ့ဖြိုးလာဖို့ မိခင်ဝမ်းထဲ ရှိချိန် ( ကိုယ်ဝန်ဆောင်ချိန် ) ဟာ အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဒါကြောင့် မိခင်များ ကိုယ်ဝန်ဆောင် ကျန်းမာရေး နှင့် မီးဖွားပြီးနောက် ၆ပတ် (post-partum period-မီးဖွားပြီးကာလ) အချိန်ဟာ အရေးကြီးတဲ့အချိန် ဖြစ်တာမို့ ကျန်းမာရေးနှင့်ညီညွှတ်စွာ သတိပြုလိုက်နာရမှာဖြစ်ပါတယ်။

️ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ကိုယ်ဝန်ဆောင်ခြင်းကို မသိဘဲ ၃လ/၄လလောက်ကြာမှ သတိထား သိရှိတာမျိုးလည်း ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းအား သိရှိစေရန်အတွက် ပုံမှန်ရာသီလာရက်ကျော်လွန်ပြီး ၁ပတ်ကြာတွင် (ရာသီထိန်ပြီး ၁ပတ်အကြာ) ဆီးစစ်ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကတော့ ကိုယ်ဝန်စတင်မဆောင်ခင် ကတည်းကပင် မိမိ၏ အမျိုးသားနှင့် ကလေးယူရန် ကိစ္စဆွေးနွေးတိုင်ပင်ပြီး ( preconception counselling – ကိုယ်ဝန် မယူခင် အကြံပြုဆွေးနွေးခြင်း ) ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးညှိ့နှိုင်းခြင်းဖြင့် အစီစဉ်တကျ ဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။
️ကိုယ်ဝန်ရရှိပြီး ဦးစွာပြုလုပ်ရမည့်အရာတွေကတော့ ဆေးရုံဆေးခန်းသွားပြီး ကိုယ်ဝန်အပ်နှံခြင်းကို အနည်းဆုံး (၄) ကြိမ်ထိ သွားရောက်ပြသအပ်နှံခြင်းကို လုပ်ဆာင်နိုင်ရန်အရေးကြီးပါတယ်။ ကိုယ်ဝန်ရရှိပြီး ပထမ ၃လအချိန်ဟာ ကလေး ခန္ဓာကိုယ်တည်ဆောက်ချိန်ဖြစ်ပြီး ခြေလက်အင်္ဂါလေးတွေ သိသာလာမယ်၊ ဦးဏှောက် ဖွံ့ဖြိုးလာပြီး နှလုံးစတင်ခုန်ခြင်း တွေဖြစ်လာပါတယ်။ ဒီအချိန်တွေမှာ မိမိဘာသာ အပြင်ဆေးတွေ မှီဝဲနေတာမျိုး မလုပ်ဘဲ ဆေးရုံ/ ဆေးခန်း သွားရောက်ပြသရန် အရေးကြီးပါတယ်။

️ကိုယ်ဝန်ပထမ ၃လအတွင်း သံဓာတ်အားဖြည့်ဆေး ( Folic Acid ) အား မှီဝဲနိုင်ပါက အလွန်ကောင်းပါသည်။ ဒီသံ ဓာတ်အားဖြည့်ဆေး ချို့တဲ့ရင် ကလေးခန္ဓာကိုယ်တည်ဆောက်ချိန်မှာ ချို့ယွင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဉပမာ- နှုတ်ခမ်းကွဲခြင်း ( Cleft Palate- အာခေါင်ကွဲခြင်း )၊ ကျောကုန်းဖောင်းခြင်း ( Neutral tube defect-အာရုံကြောမ ချို့ယွင်းခြင်း)၊ ဦးခေါင်းနှင့် ဦးဏှောက် ဖွံ့ဖြိုးမှုမရှိခြင်း (Anencephaly – ဦးခေါင်းခွံနှင့် ဦးဏှောက်မပါလာခြင်း မျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် Folic acid အား ကိုယ်ဝန်ဆောင်ချိန်သာမက ကလေးယူရန် စိတ်ကူးသည့် အချိန်မှစ၍ မှီဝဲသောက်သုံးနိုင်ပါတယ်။

️Iron ဆိုတာကတော့ ( သွေးအားဖြည့်ပေးနိုင်တဲ့ဆေး ) ကိုယ်ဝန်ဆောင် ၃လပြည့်ပြီးနောက်ပိုင်းမှ စ၍ အဓိက မှီဝဲသောက်သုံးရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားထံ အာဟာရစုံလင်စွာ ရရှိရန်၊ မိခင်မှ ကလေးဆီသို့ အချင်း(placenta) မှတဆင့် အစာအာဟာရများကို ပို့ဆောင်ပေးရပါတယ်။ ထိုကဲ့သို့ အစာအာဟာရ ပို့ဆောင်နိုင် ရန် မိခင်အနေနှင့် သွေးပေါင်ချိန် ပုံမှန်ပြည့်မီနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန် ၃ လပြည့်ပြီးနောက် ကိုယ်ဝန်တွင်း မှ ကလေးဖွံ့ဖြိုးလာချိန် Iron ဆိုတဲ့ဆေးဝါးကို မှီဝဲပြီး Iron ဓာတ်ပေါများတဲ့အစားအစာဖြစ်တဲ့ – အနီရောင် အသား၊ ဟင်းနုနွယ်ရွက်၊ တိုဟူး၊ အစိမ်းရောင်အသီးအရွက်များကို စားသုံးပေးရပါမယ်။

️ထို့အပြင် Vitamin B1 ဆိုတဲ့ ဓာတ်အားဆေးဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အရေးကြီးတဲ့ဓာတ် တစ်ခုဖြစ်ပါတယ်။ ဒီ Vitamin B1( Thiamine ) ချို့တဲ့ရင် သူငယ်နာ ( beri beri – ထုံနာကျင်နာ ) ရောဂါများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို ရောဂါမျိုး မဖြစ်အောင် ကိုယ်ဝန်ဆောင်ချိန် Vitamin B1 နှင့် Viatamin B1ဓာတ်များသော အစားအသောက်များ( အသား၊ ငါး၊ ကြက်ဥ၊ နွားနို့၊ တိုဟူး၊ ပဲအမျိုးမျိုး)ကို စားသုံးရန် လိုအပ်ပါတယ်။

️ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်စုံစုံလင်လင် စားသောက်ရန် အရေးကြီးပါတယ်။ ကိုယ်ဝန်တွင်းမှ ကလေး ဖွံ့ဖြိုးကြီးထွားရန် အစားအသောက်ဓာတ် – Protein, DHA, Omega-3, Zinc, Vitamin D, Calcium, Vitamin B12 များပါဝင်သော အစားအသောက်များလဲ စားသုံးပေးရန် လိုအပ်ပါတယ်။ ဒါကြောင့်မို့ အစားအစာတွေထဲမှာ ထမင်း၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ နှင့် အစေ့အဆံများကို စားသုံးပေးရန် လိုအပ်ပါတယ်။ အသားငါး မစားသည့် ရက်တွင် ပဲအမျိုးမျိုးနှင့် ကြက်ဥကို ရအောင်စားသုံးပေးရပါမယ်။

️ဆက်လက်ပြီးတော့ ကိုယ်ဝန်ဆောင်ချိန် အဖြစ်များတဲ့ အရာနှင့် သတိပြုလိုက်နာရမည့် အချက်များကိုပြောပြ ပေးချင်ပါတယ်။

1️⃣ ပျို့အန်ခြင်း ဟာ ကိုယ်ဝန်ဆောင် မိခင်တွေ 80%-85% လောက်ဖြစ်ကြတာကိုတွေ့ရပါတယ်။ ဒီလိုဖြစ် လာခဲ့ရင် မိမိဘာသာ ဆေးတွေဝယ်သောက်ခြင်းမျိုး လုံးဝမလုပ်ဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက် ပြသခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်ဝန်(၁)လပြည့်ချိန်မှ (၄)လပြည့်ချိန်ထိ ရင်ပြည့်ပျို့အန်ခြင်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးလက္ခဏာတွေဖြစ်လာရင် မိမိကိုယ်တိုင် လုပ်ဆောင်နိုင်တာကတော့-
• ဂျင်းကို ချေပြီး ရေနွေးပူနဲ့စိမ်သောက်နိုင်ပါတယ်။
• အစာပျော့ပျော့စားသုံး ပေးရပါမယ်။ အစာစားရင် နည်းနည်းနှင့် အကြိမ်ရေ များများစားပေးရပါမယ်။
• အရည်များများသောက်ပေးရပါမယ်။( ရေ၊ ဟင်းချိုရေ၊ ဓာတ်ဆားရေ၊ အရည်ရွမ်းသော အသီးအနှံများ)
• ပျို့အန်မှုပြင်းထန်ပြီး ခေါင်းမူးခြင်း၊ ခဏခဏပျို့အန်ခြင်း များဖြစ်လာပါက ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသ ကုသမှုခံယူသင့်ပါတယ်

2️⃣ ဝမ်းအတွင်းပူပြီး နေထိုင်မကောင်းခြင်း
ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းတွင်းပူခြင်းတွေဟာ ကိုယ်ဝန်ဆောင်ချိန် အချိန်မရွေးဖြစ်နိုင်ပြီး ကိုယ်ဝန် ဆောင်ချိန် ၂၇ပတ်( ၇ လ)အထက်တွင် ပိုမိုဖြစ်တတ်တာကိုတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်း ပြောင်းလဲခြင်းကြောင့် ကလေးကြီးထွားလာပြီး အစာအိမ်ကို ထိမိတာကြောင့် ဖြစ်လာတတ်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
ဒီလိုတွေ ဖြစ်လာရင် ပြုလုပ်ရမယ့်အရာများကတော့
§ အစာပျော့ပျော့ကို နည်းနည်းနဲ့ အကြိမ်ရေ များများစားပေးရပါမယ်။
§ ညအိပ်ယာမဝင်မီ အနည်းဆုံး(၃) နာရီလောက် ကြိုပြီး အစားအသောက်မစားရန်။
§ ညအိပ်ချိန် ခေါင်းအုံးမြင့်မြင့် အုံးရန်။
§ ဆေးလိပ်၊ အရက် ကို လုံးဝရှောင်ကျဉ်ရန်။

3️⃣ ဝမ်းပိတ်ခြင်း
• ဝမ်းပိတ်ဝမ်းသွားရန် ခက်ခဲရင် အမျှင်ဓာတ်(Fiber)ပါဝင်တဲ့ အသီးအနှံနဲ့အစားအစာတွေကို များများ စားသုံးပေးရ ပါမယ်။
• ရေကို တနေ့ ၈-၁၂ ခွက် ( ၂.၃ လီတာ ) သောက်ရပါမယ်။
• ကော်ဖီနှင့် ရေနွေးကြမ်းသောက်သုံးခြင်းကို ရှောင်ရှားရပါမယ်။ ကော်ဖီနှင့်လက်ဖက်ကို သောက်ပါက ဝမ်းပိတ်ခြင်းကို ပိုမိုဖြစ်စေသည်သာမက၊ မွေးဖွားလာမဲ့ကလေးကိုလည်း ကိုယ်အလေးအချိန်မပြည့်တာမျိုးတွေဖြစ်စေတာကို တွေ့ရပါတယ်။

4️⃣ ခြေလက်ဖောရောင်ခြင်း (Varicose vein)
ခြေလက်ဖောရောင်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန် သွေးကြောတွေထဲ သွေးပိုမိုများလာတာကြောင့်၊ ကလေးကြီးထွားလာတာကြောင့် မိခင်ခန္ဓာကိုယ်လေးလံလာခြင်းကြောင့်နှင့် ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက်-
§ အချိန် အကြာကြီးမတ်တပ်ရပ်ခြင်းကို ရှောင်ရှားရန်။
§ ခြေတင်ပြင်ခွေ ထိုင်ခြင်းများ ရှောင်ရှားရန်။
§ ညအိပ်ချိန် ခြေထောက်ကို တစ်ခုခု ပေါ်တင်၍ ခြေထောက်အား မြင့်ထားရန်။
§ ဖောရောင်ခြင်းများ ပြင်းထန်လာပါက ဆေးရုံဆေးခန်းသို့ အမြန်သွားရောက်ပြသရန်။

5️⃣ ခါးရိုးနှင့် အရွတ်များ နာကျင်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုနှင့် သန္ဓေသားကြီးထွားလာခြင်းကြောင့် အရိုးအရွတ်များ နာကျင်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင်
• ဖိနပ်အမြင့်များမစီးရပါ၊ ဖိနပ်ပါးပါးကိုသာ စီးရပါမယ်။
• တနေ့ ၂၀-၄၅ မိနစ်ဝန်းကျင် လမ်းလျှောက်ပေးရပါမယ်။
• လေးလံသောပစ္စည်းများ လုံးဝ မ မရ။
• ကောင်းမွန်စွာ အနားယူရပါမယ်။

️ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မီးဖွားချိန်မတိုင်မီ ဗိုက်နာခြင်း၊ သွေးဆင်းခြင်း၊ အဖြူဆင်းခြင်း များ ဖြစ်လာလျှင် နီးစပ်ရာဆေးရုံသို့ လျှင်မြန်စွာ သွားရောက်ပြသရန် လိုအပ်ပါတယ်။

️မိခင်များ၏ ကျန်းမာရေးဟာ ကိုယ်ဝန်ဆောင်ချိန် (prenatal period) မှာပဲမဟုတ်ပါဘူး၊ မီးဖွားပြီး သည့်နောက် ၆ပတ် (post-partum period- မီးဖွားပြီးကာလ) အတွင်းမှာလည်း ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ပြီး အာဟာရညီညွတ်မျှတစွာ စားသုံးရပါတယ်။ မီးဖွားပြီးကာလတွေမှာ ဟော်မုန်းပြောင်းလဲခြင်းတွေဖြစ်တဲ့အတွက် မိခင်တွေဟာ စိတ်အားငယ်ခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ စိတ်ပျက်ခြင်းများ ဖြစ်တတ်တဲ့ကာလတွေဖြစ်ပါတယ်။ဒါကြောင့် ဒီလိုကာလတွေမှာ မိမိ အမျိုးသားနှင့် မိသားစုဝင်တွေက ကောင်းမွန်စွာ ဖေးမဆက်ဆံပေးပြီး စိတ်ပျော်ရွှင်အောင်၊ စိတ်လုံခြုံမှုတွေ ပေးဖို့လို အပ်ပါတယ်။

️မီးဖွားပြီးချိန် ၂ရက်အတွင်းမှာ ထွက်လာတဲ့ မိခင်ရဲ့နို့ဦးရေဟာ အဖြူရောင်မဖြစ်သေးဘဲ ရေကဲ့သို့ကြည်နေတတ်ပါတယ်။ ဒါကို နို့ရေကြည် ( Colostrum )လို့ခေါ်ပါတယ်။ ဒီနို့ရေကြည်ဟာ ကလေးအတွက် အလွန်အရေးကြီးတဲ့ အာဟာရ ဓာတ်တွေပါဝင်လို့ ကလေးမွေးဖွားပြီးတာနဲ့ မိခင်ရဲ့နို့ဦးရေကို ရအောင်တိုင်ကြရပါတယ်။ မိခင်နို့ကို ကလေးဗိုက်ဆာ တိုင်း နို့တိုက်နိုင်အောင်ကြိုးစားရပါတယ်။ မိခင်နို့မဟုတ်ဘဲ ပြင်ပနို့မှုန့်တစ်မျိုးမျိုးကို နို့ဗူးနဲ့ တိုက်မယ်ဆိုရင် ကလေးအတွက်လိုအပ်တဲ့ မိခင်နို့ရေ ကဲ့သို့ အာဟာရဓာတ်ပြည့်ပြည့်ဝဝကို မရရှိနိုင်ပါဘူး။ မိခင်ရဲ့ နို့ကိုလည်း နာကျင်ရောင်ရမ်းမှုတွေဖြစ်စေကာ ကျန်းမာရေးကို ချို့တဲ့ စေပါတယ်။

️မီးဖွားပြီး (post-partum period-မီးဖွားပြီးကာလ) ဆိုတာကတော့ မီးဖွားပြီး ၆ပတ်အတွင်း
• သွေးဆင်းများခြင်း၊ သွေးများသွန်ခြင်း
• ခေါင်းမူးခြင်း၊ ဗိုက်နာခြင်း
• ကိုယ်ပူခြင်း၊ ချမ်းဖျားတုန်ဖျားဖြစ်ခြင်း၊ မိန်းမကိုယ် အနံ့ဆိုးထွက်ခြင်း
• ခေါင်းကိုက်၍ မျက်စိမျက်နှာ ဖောရောင်ခြင်း၊ ပျို့အန်ခြင်း
• ခြေသလုံး ခြေထောက်များ ဖောရောင်နာကျင်ခြင်း
• ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရန် ခက်ခဲခြင်း

️ထိုလက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အလျင်အမြန် သွားရောက်ပြသရန် လိုအပ်ပါတယ်။

️အထက်ပါ ဖော်ပြချက်များဟာ ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီးနောက် ၆ ပတ်အတွင်း ကျန်းမာရေးနှင့် ညီညွှတ်စွာ သတိပြုလိုက်နာဆောင်ရွက်ရန်၊ အစာအာဟာရပြည့်ပြည့်ဝဝ စားသောက် ရန်နှင့် အများဆုံး ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာများကို ပြောပြသွားတာဘဲဖြစ်ပါတယ်။ ကျွန်မတို့အားလုံး ဖတ်ရှုလေ့လာသိရှိပြီးသည်နှင့်အညီ ကျန်းမာဖွံ့ဖြိုးပြီး၊ ပညာဗဟုသုတကြွယ်ဝတဲ့ လူမျိုးဖြစ်ဖို့ရန် အချင်းချင်း ဗဟုသုတဝေမျှပြီး လိုက်နာကျင့်သုံးကာ ကျန်းမာဖွံ့ဖြိုးတဲ့ လူမျိုးများဖြစ်လာအောင် ကြိုးစားကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

📝📝ကိုးကားချက်များ-
1. WHO recommendations on Antenatal care for positive pregnancy outcomes
2. https://www.ncbi.nlm.nih.gov/pmc/articles/PMC8381608/
3. https://www.cedars-sinai.org/health-library/diseases-and-conditions/h/hemorrhoids-and-varicose-veins-in-pregnancy.html#:~:text=Increased%20blood%20volume%2C%20which%20enlarges,pelvis%20and%20legs%20to%20swell
4. https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy/art-20046080

#womenandhealth
#prenataldelivery
#postpartum
#shayichannel