
ယနေ့ လျင်မြန်တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကာလတွင် နေထိုင်သောလူသားများသည် မတူကွဲပြားမှုကို ပိုမိုလက်ခံလာပြီး မသန်စွမ်းသူများကို လူမှုအသိုက်အဝန်းတွင် အများနည်းတူပါဝင်ခွင့်ရရှိရန်အတွက် အလေးထား၍ ထည့်သွင်းစဉ်းစားလာကြပြီ ဖြစ်ပါတယ်။

မနုသပညာရှင် Frans Boas က မတူကွဲပြားမှုတွေ ရှိနေခြင်းဟာ စိတ်ဝင်စားဖို့ကောင်းတယ်၊ တန်ဖိုးရှိတယ်။ အဓိကအချက်အနေဖြင့် ဒီလိုမတူကွဲပြား ဖြစ်တည်မှုတွေဟာ ခွဲခြားဖိနှိပ်မှု၊ မညီမျှမှုဖြစ်စေခြင်းတွေ ပြုလုပ်ဖို့ မဟုတ်ဘူးဆိုတာ နားလည်သိရှိထားဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း သူ့ရဲမတူကွဲပြားခြင်းသီအိုရီနဲ့ သက်ဆိုင်တဲ့ စာအုပ်မှာ ရေးသားထားကို လေ့လာမှတ်သားရပါတယ်။

မသန်စွမ်းသူများသည်လည်း လူသားများဖြစ်သည့်အတွက် မသန်စွမ်းဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံမှုတွေမရှိဘဲ လူ့အသိုက်အဝန်းတွင် အများနည်းတူ ပါဝင်ခွင့်ရှိပါတယ်။ မသန်စွမ်းသူများအနေဖြင့် လူမှုအသိုက်အဝန်းတွင် အများနည်းတူ ပါဝင်ခွင့်ရရှိရန်အတွက် အတားအဆီးများကို လျော့နည်းအောင် ဘယ်လိုဖန်တီးလုပ်ဆောင် ရမလဲဆိုတာ ဤဆောင်းပါးမှတစ်ဆင့် ဝေမျှလိုပါတယ်။

လူမှုပတ်ဝန်းကျင်တွင် “မသန်စွမ်း” လို့ ပြောလိုက်၊ ကြားလိုက်တာနဲ့ သနားစရာကောင်းတဲ့သူ၊ အမြဲအကူအညီ လိုအပ်နေတဲ့သူ ဆေးကုသဖို့လိုအပ်နေတဲ့သူ စသဖြင့် ဉီးစွာပုံဖော်သတ်မှတ်လေ့ ရှိကြပါတယ်။ တစ်ကယ်တော့ မသန်စွမ်းသူတွေဟာ မစွမ်းဆောင်နိုင်ကြတာမဟုတ်ဘဲ မစွမ်းဆောင်နိုင်မှုကို ဖြစ်စေတဲ့ အတားအဆီးများ ကြောင့်သာ ဖြစ်ပါတယ်။

ထို့အပြင် လူမှုအသိုက်အဝန်းမှာ မသန်စွမ်းသူတွေကို အမြင်ရှုထောင့် သုံးမျိုးဖြင့် မြင်လေ့ရှိကြပါတယ်။ အဲဒီ အမြင်တွေကတော့ ကုသိုလ်ဖြစ်အမြင်၊ ဆေးပညာအမြင်၊ လူမှုရေးရှုထောင့် အမြင်ဖြင့် ခွဲခြားမြင်လေ့ ရှိပါတယ်။ ကုသိုလ်ဖြစ်အမြင်မှာတော့ မသန်စွမ်းသူတွေ ကံမကောင်းဘူး၊ မှီခိုနေရတဲ့သူတွေ၊ သနားစရာလူတွေ ပေးကမ်းစွန့်ကြဲခံလူတန်းစားအဖြစ် ရှုမြင်ကြတာပြီး၊ ဆေးပညာရှုထောင့်အမြင်မှာ မသန်စွမ်းသူတွေရဲ့ ချို့ယွင်းအားနည်းမှုဟာ သူတို့အတွက်ပြသာနာ ဖြစ်တယ်။ လူပတ်ဝန်းကျင်အသိုက်အဝန်းထဲရောက်အောင် ချို့ယွင်းနေမှုကို ပျောက်ကင်းအောင် ကုသပေးဖို့လိုအပ်တယ်။ မသန်စွမ်းသူဆိုတာ အမြဲတမ်း ဆေးဝါးအစောင့် အရှောက်ခံ လူနာတစ်ဉီးလိုပဲ မြင်ကြတယ်။

မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်း၏ တစ်စိတ်တဒေသဖြစ်သည့်အတွက် မသန်စွမ်းသူများ လူမှုပတ်ဝန်း ကျင်တွင် အများနည်းတူပါဝင်ခွင့်မရရှိခြင်းမှာ အတားအဆီးများကြောင့်ဆိုသည့် အခြေအနေကို သိရှိလာပြီး မသန်စွမ်းသူများ ပါဝင်ခွင့်ရရှိရန်အတွက် ၎င်းအတားအဆီးများကို ဖော်ထုတ်ဖယ်ရှားရမယ်ဆိုတာ ပိုမိုလက်ခံ လာကြပြီ ဖြစ်တယ်။

အတားအဆီးတွေဆိုတာက ဘာတွေလဲဆိုတာကို ဥပမာတစ်ခုနဲ့ နှိုင်းယှဉ်ပြီးတင်ပြမှာ ဖြစ်ပါတယ်။ မသန်စွမ်းကလေးငယ်တစ်ဉီး ကျောင်းသို့ ပထမဆုံးသွားတဲ့အခါ ကြုံတွေ့ရမည့် အတားအဆီးတွေကတော့ ကျောင်းအဆောက်အအုံကို အလွယ်တစ်ကူလက်လှမ်းမီမှုမရှိခြင်း၊ သန့်စင်ခန်းများကို လက်လှမ်းမီသုံးစွဲနိုင်မှု မရှိခြင်းအစရှိသည့် အကြောင်းအရာတွေက ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေပဲဖြစ်တယ်။ မသန်စွမ်းမိဘ အနေဖြင့် မသန်စွမ်းကလေးငယ်၏ ထက်မြတ်မှုနှင့် လုပ်ဆောင်နိုင်မှုအပေါ် ယုံကြည်မှုမရှိခြင်း (သို့) လူ့အသိုက်အဝန်းအနေဖြင့် မသန်စွမ်းကလေးငယ်၏ အပြည့်အဝပါဝင်ဆောင်ရွက်နိုင်မှုအပေါ် ယုံကြည်မှု မရှိခြင်း စသည့်သဘောထား၊ အမြင်တွေကတော့ စိတ်သဘောထား အမြင်ပိုင်းဆိုင်ရာ အတားအဆီး တွေပဲဖြစ်ပါတယ်။

ကျောင်းစာသင်ခန်းတွင်လည်း ဆရာ/ဆရာမများ၏ အချိန်ပေးသင်ကြားနိုင်မှု သတ်မှတ်ချက်ထက် ပိုသောကျောင်းသားဉီးရေ အခြေအနေများကြောင့် မသန်စွမ်းကလေးအနေဖြင့် ပညာဆက်လက်သင်ကြားနိုင်ရန် အဟန့်အတားဖြစ်နေခြင်း စသည့် အကြောင်းအရာတွေက မူဝါဒပိုင်းဆိုင်ရာ အတားအဆီးပဲဖြစ်ပါတယ်။ ဒီလို အတားအဆီးတွေနဲ့ ကြုံတွေ့ရတဲ့ မသန်စွမ်းသူကိုယ်တိုင်လည်း အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်မှုမရှိခြင်းနှင့် ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ရှိခြင်းများကလည်း မသန်စွမ်းသူများအနေဖြင့် ယခုလက်ရှိတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲအတားအဆီးပင် ဖြစ်ပါတယ်။

ကျောင်းစာသင်ခန်းတွင်လည်း ဆရာ/ဆရာမများ၏ အချိန်ပေးသင်ကြားနိုင်မှု သတ်မှတ်ချက်ထက် ပိုသောကျောင်းသားဉီးရေ အခြေအနေများကြောင့် မသန်စွမ်းကလေးအနေဖြင့် ပညာဆက်လက်သင်ကြားနိုင်ရန် အဟန့်အတားဖြစ်နေခြင်း စသည့် အကြောင်းအရာတွေက မူဝါဒပိုင်းဆိုင်ရာ အတားအဆီးပဲဖြစ်ပါတယ်။ ဒီလို အတားအဆီးတွေနဲ့ ကြုံတွေ့ရတဲ့ မသန်စွမ်းသူကိုယ်တိုင်လည်း အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်မှုမရှိခြင်းနှင့် ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ရှိခြင်းများကလည်း မသန်စွမ်းသူများအနေဖြင့် ယခုလက်ရှိတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲအတားအဆီးပင် ဖြစ်ပါတယ်။
ဒီလိုအခက်အခဲအတားအဆီးတွေနဲ့ ရင်ဆိုင်နေရတဲ့ မသန်စွမ်းသူတွေကို လူမှုအသိုက်အဝန်းထဲ ပါဝင်ခွင့်ရရှိဖို့ ဆိုရင် မသန်စွမ်းသူတွေ ကြုံတွေ့နေရတဲ့ အတားအဆီးတွေကို ဖော်ထုတ်ဖယ်ရှားပေးနိုင်မှသာလျှင် အများနည်းတူ လူ့အသိုက်အဝန်းထဲ ပါဝင်လာနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်၊ကျွန်မတို့အနေနဲ့ မသန်စွမ်းသူများ လူ့အဖွဲ့အစည်းတွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန်နှင့် လူမှုအသိုက်အဝန်းတွင် အများနည်းတူ ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန်အတွက် အဟန့်အတားဖြစ်သော ရုပ်ပိုင်းဆိုင်ရာအတားအဆီး၊ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာ အတားအဆီးများကို ဖော်ထုတ်ဖယ်ရှားခြင်းနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင်လည်း မသန်စွမ်းသူများအကျုံးဝင်ပါဝင်နိုင်သော အစီအစဉ်များရေးဆွဲခြင်းနှင့် မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းစဉ်များကို ထည့်သွင်းလုပ်ဖို့ လိုအပ်ကြောင်းကို ဤဆောင်းပါမှတစ်ဆင့် ဝေမျှလိုက်ပါတယ်။