ဆယ်ကျော်သက်ဘဝမှ အမျိုးသမီး တက်ကြွလှုပ်ရှားသူ ဒေါ်နုနုလှိုင်

You are currently viewing ဆယ်ကျော်သက်ဘဝမှ အမျိုးသမီး တက်ကြွလှုပ်ရှားသူ ဒေါ်နုနုလှိုင်
ထားဝယ်ခရိုင်သည် လှပပြီး စီးပွါးရေးအရအချက်ခြာကျသော မြန်မာပြည်ရဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံး ဖြစ်လာမယ့် ထားဝယ်အထူးစီးပွါးရေး ဇုံကြောင့် လည်းနိုင်ငံတကာ လူ့အခွင့်ရေး လှုပ်ရှားသူများ အကြား ထားဝယ်ကို ပိုသတိထားမိစရာ ဖြစ်စေခဲ့ ပါတယ်။ ဒေါ်နုနုလှိုင် သည် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သာမန် မိန်းကလေးအဖြစ် မွေးဖွါး ကြီးပြင်းလာပြီး ထားဝယ် အထူးစီးပွါးရေးဇုံ စတင်ကတည်းက လူ့အခွင့်အရေး၊ မီဒီယာ လွတ်လပ်ခွင့် စသည်များကို လူထုကြားမြှင့်တင်ရင်း အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ဉီး ဖြစ်လာ ခဲ့ပါတယ်။
 
❤လှုပ်ရှားတက်ကြွသူ ဖြစ်လာမည့် လမ်းစများ
 
နအဖ အစိုးရခေတ်မှာ အသက် (၁၅) နှစ် အရွယ် သာရှိသေးတဲ့ ဒေါ်နုနုလှိုင်သည် ထားဝယ် အမျိုးသမီးသမဂ္ဂပြုလုပ်တဲ့ နိုင်ငံရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း တစ်ခုကို ထိုင်း-မြန်မာ နယ်စပ် မှာ တက်ရောက်ခဲ့ပါတယ်။ ထိုမှတဆင့် မဲဆောက်တာဝန်ခံအဖြစ် ကျား/မတန်းတူရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စများ လျို့ဝှက်ဆောင်ရွက်ရင်းနောင်တွင် ထားဝယ်အမျိုးသမီးသမဂ္ဂနှင့် တိုင်း အတွင်းအရပ်ဖက်ငြိမ်းချမ်းရေးကိစ္စများတွင် အရေးပါသည့် အမျိုးသမီးတစ်ဉီး ဖြစ်လာခဲ့ပါတယ်။ “၆လ သင်တန်း ပြီးတော့ တစ်ဘဝလုံးစာ ပြောင်းလိုက် သလို ဖြစ်တယ်ပေါ့နော်” ဆိုပြီး တက်ကြွလှုပ်ရှား သူဖြစ်လာပုံ အစကို ပြောပြပါတယ်။
 
❤ပုံစံခွက်ထဲက အမျိုးသမီးအခွင့်အရေး မြှင့်တင်ခြင်း
 
ကျား/မတန်းတူရေးနှင့် ပတ်သက်ပြီး တတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် ကဏ္ဍာတိုင်း အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ထားရှိရေး ကို လက်မှတ် ရေးထိုးနိုင်ကြောင်း တွေ့ရ ပါတယ်။ သို့သော်လည်း ဒေါ်နုနုလှိုင် ထိတွေ့နေရသော ကဏ္ဍာများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို အိမ်ဖြည့်သဘောထား ရှုမြင်ကြပါတယ်။ ဒါ့အပြင်အပ်ချုပ်သင်တန်းများ၊ချေးငွေထုတ်ပေးသည့် စီမံချက်များကိုသာ အမျိုးသမီးအခွင့်ရေး မြှင့်တင်ခြင်းစီမံချက်များအဖြစ် နားလည်ထားကြ ပါတယ်။ “သူတို့နားလည်တဲ့ အမျိုးသမီးအခွင့်အရေးဆိုတာက ပုံစံခွက်ထဲက အမျိုးသမီးအခွင့် အရေးပဲဖြစ်နိုင်တဲ့ အလားလာမျိုး ကျွန်မက မြင်ရတယ်” ဟု ဒေါ်နုနုလှိုင်မှ လွန်ခဲ့တဲ့ ၁၀ ဆယ်စုနှစ်က အစိုးရအကောင်အထည် ဖော်ခဲ့တဲ့ ကျား/မတန်းတူရေး အခြေအနေကို သုံးသပ်ပြော ဆိုပါတယ်။
 
❤အယူအဆဟောင်းများကို တော်လှန်လိုစိတ်
 
ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)၏ ၂၀၀၉ခုနှစ် အစီရင် ခံစာအရ နိုင်ငံရေးတွင် အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုကို အမျိုးသားပါဝင်မှုနည်းတူ မဲဆဒ္ဒရှင်များ လက်ခံထားကြောင်း ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေး ဆိုင်ရာ ဩဇာသက္ကမက အမျိုးသားတွေမှာသာ ရှိတယ် ဆိုတဲ့ အယူအဆက မြန်မာ့လူ့အဖွဲ့အစည်းမှာ ဆက်လက် ရှိနေပါသေးတယ်။ ဒေါ်နုနုလှိုင်တို့ လေးနှစ် အတွင်း ဖြေရှင်းပေး ခဲ့တဲ့ ထားဝယ်ဒေသအတွင်း အမျိုးသမီးများပေါ် အကြမ်းဖက်မှုများထဲမှ (၇၀) ရာခိုင်နှုန်း လောက်က အိမ်တွင်းအကြမ်းဖက်မှုများပြီး အမျိုးသားအများစုက အမျိုးသမီးတွေကို မိတ်ဖက်လို့ သဘောမထားတာကနေ စတာလို့သိရပါတယ်။ “မလိုအပ်တဲ့ ခွဲခြားဆက်ဆံမှုနဲ့ လူ့အဖွဲ့အစည်းကို အကျိုးမပေးတဲ့ အတွေးခေါ်တွေကို တော်လှန်ဖို့ လိုတယ်” လို့ သူမဆိုပါတယ်။
 
❤အပြောင်းအလဲလိုချင်တဲ့ စိတ်ဆန္ဒ
 
အပြောင်းအလဲလိုချင်တဲ့ စိတ်ဆန္ဒကသာ အခရာကျ လက်ရှိမြန်မာပြည် နိုင်ငံရေးပဠိပက္ခနှင့်အတူ အပြိုင်ဖြေရှင်းသွားရမယ့် ကဏ္ဍာတွေထဲမှာ ကျား/မတန်းတူညီမျှရေးလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ အခြားလိင်စိတ် ကွဲပြားသူတွေပေါ်မှာ ထားတဲ့ပုံစံခွက်တွေကို ပြောင်းလဲတဲ့အခါမှာ စိတ်ဆဒ္ဒက အရေးကြီးပြီး အဲဒီ စိတ်ဆဒ္ဒကို “ဒီနေ့လည်း ပြောင်းလဲလို့ရပါတယ် နိုင်ငံရေး အချိန်ကောင်းတစ်ခုစောင့်နေဖို့ မလိုပါဘူး” လို့ သူမဆိုပါတယ်။ “မေးခွန်းက ဘာလဲဆိုတော့ လုပ်ချင်တဲ့ ဆဒ္ဒရှိသလား ပြောင်း လဲချင်တဲ့ စိတ်ဆဒ္ဒရှိသလားဆိုတာ ပါပဲ” ဟု ကျား/မတန်းတူရေး အကောင်အထည်ဖော်မယ့်ကိစ္စနဲ့ ပါတ်သက်ပြီး နိုင်ငံရေးဦးဆောင်မှုနှင့် သက်ဆိုင်သူများ ကို သူမမေးခွန်းထုတ်ပါတယ်။
 
#inspirationalwomen
#womenactivist
#shayichannel