၁၉၉၀ ဝန်းကျင်ခန့်တွင် ကချင်ပြည်နယ်ရှိ နယ်မြို့တွေမှာ ကလေးတွေ ကျောင်းပညာရေးကို လက်လှမ်းမီဖို့၊ တက်ရောက်နိုင်ဖို့ လူတန်းစားတစ်ခုလောက်ကပဲတတ်နိုင်ကြတယ်။ မိဘတွေရဲ့ ပံ့ပိုးမှု အားနည်းတာကြောင့်၎င်း၊ ပညာရေးတတ်မြောက်ခြင်းရဲ့ ရလာဒ်ကောင်းကျိုးများကို မခံစားဖူးခြင်းကြောင့်၎င်း၊ ယဉ်ကျေးမှုထုံးတမ်းအစဉ် အလာများကြောင့်၎င်း တချို့က ရေးတတ်ဖတ်တတ်တာလောက်နဲ့ ပြီးခဲ့ကြတာမျိုးနဲ့ ကလေးတွေ ကျောင်းဆက် ထားပေးဖို့ ကျောင်းဆရာ၊ ဆရာမတွေက အိမ်တိုင်ရာရောက် လိုက်လံအမြင်ဖွင့်ရတဲ့အဖြစ်မျိုးသာ များခဲ့ ကြတယ်။ တချို့ကဆို ကျောင်းတက်ရင် မောင်လေး၊ ညီမလေးကိုပါ စာသင်ခန်းထဲခေါ်ခဲ့ပြီး ထိန်းရတာမျိုး၊ မနက်ခင်း စျေးရောင်းရင်း ကျောင်းအပြေးတက်ရတဲ့ ဘဝတွေရှိခဲ့ကြတယ်။ အခုခေတ်ကလေးတွေနဲ့ မြို့ပေါ်ရှိ လူတန်းစား တချို့ကိုပြောပြရင် ဇာတ်လမ်းတစ်ပုဒ်လို ထင်ကောင်းထင်ကြမယ်။
ဒီဆောင်းပါလေးက ကျောင်း(၅)တန်းနှစ်ကတည်းက စျေးရောင်းရင်း ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာပြီး ပညာကို ဘွဲ့ရတဲ့အထိသာမက စွန့်ဦးတီထွင်စီးပွားရေးစွမ်းဆောင်ရှင်တဦးအဖြစ် ကြိုးစားလာခဲ့သူ ဒေါ်ဂျာအောန်လုရဲ့ ဘဝအကြောင်း တစေ့တကြောင်းရေးသားတင်ဆက်ထားပါတယ်။
သူမဟာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဇာတိဖြစ်ပြီး၊ မွေးချင်း (၁၁)ယောက်ရှိတဲ့ အထဲက တတိယသမီးလေးဖြစ်ပါတယ်။ ငယ်စဉ်က သူမနေထိုင်ရာ ကာမိုင်းမြို့လေးရဲ့ မနက်ခင်းစျေးမှ ကျောင်းချိန်မတိုင်မီ ကုန်စုံဆိုင်လေးရောင်းကာ (၇)တန်းနှစ်အထိ ကျောင်းတက်ခဲ့သူဖြစ်တယ်။ (၈)တန်း ရောက်ချိန် ပြင်ဦးလွင်ရှိ ခရစ်ယာန်သီလရှင်ဘော်ဒါတွင် ကျောင်းပညာကို ဆက်တက်ခဲ့တယ်။ နှစ်စဉ်နွေရာသီ ကျောင်းပိတ်ချိန်တွင် လာမည့်နှစ်ကျောင်းစရိတ်အတွက် နယ်သို့ပြန်ပြီး စျေးရောင်းပြန်ခဲ့ရတယ်။ ဒီလိုနဲ့ ပညာရေးကို တန်ဖိုးထားကြိုးစားတက်ရောက်လာခဲ့သူဖြစ်တယ်။
အထက်တန်းပညာပြီးတော့ ဘယ်ဘာသာရပ်ကိုယူပါ ဆိုပြီးလမ်းပြပေးမယ့်သူမရှိတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ ယူတဲ့ပညာရပ်က မကိုက်ညီခဲ့ရကြောင်းကို “ပညာရေးမှားလမ်းပြပေးမယ့်သူမရှိတော့ မန္တလေး တက္ကသိုလ်မှာ ရတဲ့သမိုင်းဘာသာရပ်ကိုလေ့လာပြီး ဘွဲ့ယူခဲ့တယ်“။
ကျောင်းပြီးလို့ နယ်ရပ်ပြန်ပြီးဝါသနာပါရာလုပ်ငန်း လုပ်ကိုင်ဖို့ထက် ဒေသကကလေးတွေလိုအပ်နေတဲ့ ကွက်လပ် လေးကို ဖြည့်ဆည်းပေးဖို့ဆိုတဲ့ ဆန္ဒကြောင့် ဘော်ဒါဆောင်ဖွင့်ဖို့ ဦးစားပေးကာ လုပ်ခဲ့ရပြန်တယ်။ သူမ မိဘများကလည်း ဘာသာရေးအမှုတော်ဆောင်ဖြစ်ကြတဲ့အလျောက် အကြီးဆုံးအစ်မဖြစ်သူမှာလည်း သီလရှင် ဖြစ်တော့ ကျန်တဲ့မောင်နှမတွေရဲ့ တာဝန်နဲ့ အိမ်ထောင်တာဝန်ကိုလည်း တာဝန်ယူဦးရွက်ခဲ့ရကြောင်းကို ” ရွာက ကလေးတွေပညာရေးကို သင်ကြားခွင့်၊ တတ်မြောက်ပါစေဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ အနည်းငယ်သော အခကြေးငွေနဲ့ပဲ ဘော်ဒါဆောင်ကို (၅)တန်းကနေ (၁၀)တန်းအထိကို ဘော်ဒါဖွင့်ခဲ့တယ်။ ကျွန်မအောက်က မောင်နှမ (၅)ယောက်ကိုလည်း ပညာသင်ပေးရင်း စောင့်ရှောက်ပေးနိုင်ခဲ့တယ်။” လူမျိုးဘာသာမရွေးဘဲ အထူးသဖြင့် ငွေကြေးအခက်အခဲရှိနေသော ကလေးများ၊ ခရစ်ယာန်ဓမ္မအမှုတော်ဆောင် သားသမီးများကို အခကြေးငွေ အနည်းငယ်ဖြင့် လက်ခံသင်ကြားပေးခဲ့တယ်။
၂၀၀၃ ခုနှစ်က စတင်ပြီး ၂၀၂၁ ခုနှစ်အထိ ပညာရေးလုပ်ငန်းကို “Grath” အမည်နဲ့ လုပ်ကိုင်ခဲ့ပြီး၊ သူမဇာတိ ဖြစ်တဲ့ ကာမိုင်းမြို့တွင် (၇)နှစ်နှင့် မြစ်ကြီးနားမြို့တွင် (၁၁) နှစ်ထိတိုင် လုပ်ဆောင်ခဲ့သူ ဖြစ်တယ်။
ထိုနှစ်မှစပြီး သူမဝါသနာပါရာ စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ စတင်ခြေလှမ်းစခဲ့ပုံကို “၂၀၂၁ ခုနှစ်မှာ “Sumsai” ဆိုတဲ့စားသောက်ဆိုင်ကို စလုပ်ခဲ့တယ်၊ သိပ်မကြာဘူး ဆိုင်ခွဲလည်း ပြန်ဖွင့်လာနိုင်ခဲ့တယ်” လို့ဆိုပါတယ်။
အီတလီနည်းပညာနဲ့ ဖွင့်လှစ်ထားတဲ့”Hkyen: Ice-cream & Bakery” ဆိုတဲ့ ကော်ဖီ၊ ရေခဲမုန့်နဲ့ မုန့်ဖုတ် လုပ်ငန်းကို ထပ်မံတိုးချဲ့လုပ်ကိုင်လာနိုင်ခဲ့တယ်။ လူငယ်တွေကို ဦးတည်ပြီးဖွင့်ထားတဲ့အတွက် အစားအသောက်၊ ဆိုင်အပြင်အဆင်ကအစ လူငယ်တွေကိုဆွဲဆောင်နိုင်တဲ့အရောင်လေးတွေနဲ့ လုပ်ဆောင်ထားပါတယ်။
သုံးနှစ်အတွင်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆိုင်ခွဲတွေကို တိုးချဲ့လာနိုင်ပေမယ့် ရင်ဆိုင်ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်လုပ်ဆောင်လာခဲ့ရပုံကို “ကိုဗစ်ကာလမှာ စားသုံးသူတွေ ပျောက်သွားတယ်၊ အရောင်းနည်းသွားတယ် တစ်ဖက်မှာက ဝန်ထမ်းလခတွေ ပေးထားရဆဲပဲ။ ဒါပေမယ့် ပြန်စောင့်ရတာပေါ့နော်။ ကိုယ်စခဲ့တဲ့အလုပ်တစ်ခုကို ကြီးထွားလာဖို့ဆိုရင် အနည်းဆုံး ၃နှစ်လောက် စိတ်ရှည်သည်းခံပြီး အားစိုက်ထုတ်ဖို့ ကြိုတင်ပြင်ဆင်ထားရတာပေါ့၊ ငွေကြေးအပါအဝင်ပေါ့နော်။“
ဆက်ပြီး”အရင်က တစ်ရက် ရောင်းရငွေ ဆယ်သိန်းလောက်ကနေ ကိုဗစ်ကာလမှာတော့ ၃ သိန်းကနေ ၁ သိန်းပဲ ရတော့တယ်။ ဆိုင်ကို ရေရှည်ရပ်တည်နိုင်ဖို့ကလည်းလိုတော့ ဝန်ထမ်းကောင်းတချို့ကို နားခိုင်းလိုက်ရတယ်၊ ငွေစျေးနှုန်းအတက်အကျနဲ့ ကုန်စျေးနှုန်းထိုးတက်မှု၊ ကိုယ်တတ်နိုင်တဲ့ ဆိုင်အရွယ်အစားလောက်နဲ့ပဲ ပြန်စရင်း ရပ်တည်လာခဲ့ပါတယ်။“
အခက်အခဲရှိတယ်ဆိုပြီး ဒီအတိုင်းမနေဘဲ “ဆိုင်ဖွင့်တဲ့နှစ်မှာပဲ ကပ်ဘေး၊ နိုင်ငံရေးအခြေအနေတွေ အခက်အခဲ ကြားကပဲ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲခြင်းဆိုင်ရာ၊ ငွေကြေးနှင့် စီပွားရေးဆိုင်ရာ စီမံခန့်ခွဲခြင်း ဆိုင်ရာ ဘွဲ့လွန်တန်းတွေကိုတက်ရောက်ခဲ့တယ်။”
ကပ်ရောဂါကာလအလွန်မှာတော့ ဆိုင်အတော်တော်များများ ပြန်ဖွင့်လာတဲ့ချိန်မှာ သူမဆိုင်က သန့်ရှင်း လတ်ဆတ်မှုနဲ့ အရသာကို သေချာထိန်းထားနိုင်ခဲ့ခြင်းကြောင့်လည်း အချိန်တိုအတွင်း ဆိုင်ခွဲများကို ဖွင့်လှစ်လာ နိုင်ခဲ့တယ် လို့ဆိုပါတယ်။
နောက်အခက်အခဲစိန်ခေါ်မှုတစ်ခုက နိုင်ငံရေးအခြေအနေတွေကြောင့် လူငယ်များ ပြည်ပထွက်သွားခြင်း ကလည်း လုပ်ငန်းတွင် ရိုက်ခတ်မှုရှိပြီး ကျန်နေတဲ့ လူငယ်တွေအကြားမှာက အလုပ်တစ်ခုကို ရေရှည်ဇွဲရှိရှိနဲ့ လုပ်ကိုင်ဖို့ အားနည်းနေကြောင်းကို “အလုပ်ကိုတကယ်လိုချင်ပြီး ကြိုးစားတဲ့လူငယ်တွေဆိုရင် နိုင်ငံခြားထွက်ကုန်ကြတယ်၊ လူငယ်တော်တော်များများက အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ချင်တဲ့စိတ် မရှိဘူး၊ လက်ထဲ ငွေနည်းနည်းစုမိခါစ၊ အလုပ်ကို လုပ်တတ်လာခါစပဲရှိသေးတယ် ထွက်သွားပြန်တယ်“။ လုပ်ငန်းပိုင်းကျွမ်းကျင်လာချိန် အလုပ်ထွက်သွားတဲ့အတွက် နောက်လူပြန်ခေါ်သင်ပေးရခြင်းကလည်း လုပ်ငန်းခွင်တွင် ကြုံရတဲ့အခက်အခဲလည်းရှိတယ်လို့ ပြောပြခဲ့ပါတယ်။
လုပ်ငန်းတစ်ခုကို ကျွမ်းကျင်ပြီး ပရိုဖက်ရှင်နယ်(ကျွမ်းကျင်ပညာရှင်)အထိဖြစ်လာဖို့ လူငယ်တွေကို “အလုပ် တစ်ခုကို သေချာတတ်မြောက်အောင် ဇွဲရှိရှိနဲ့ ကြိုးစားလုပ်ဆောင်ဖို့ရယ်၊ အချိန်ကို နှမြောတတ်တဲ့စိတ်နဲ့ တန်ဖိုးရှိတဲ့အချိန်အဖြစ် ဖန်တီးယူတတ်ကြပါလို့ အားပေးတိုက်တွန်းစကားပါးချင်ပါတယ်“။
စားသောက်ဆိုင်ဖြစ်တဲ့အလျောက် တခါတရံ စားသောက်မူးပြီး ပြဿနာရှာတဲ့အခါမျိုးရှိပေမယ့် သူမအနေနဲ့ သေချာကိုင်သွယ်ဖြေရှင်းနိုင်မှုရှိတဲ့အတွက် အမျိုးသမီးဖြစ်ခြင်း၊ အမျိုးသားဖြစ်ခြင်းကြောင့်ဆိုပြီး ခွဲခြား ဆက်ဆံ ခံရခြင်းမျိုးမရှိဘူးလို့ဆိုပါတယ်။
အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးနှင့် ပတ်သက်ပြီး သူမကိုယ်တိုင် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင်တစ်ဦးဖြစ်လာတဲ့အပြင် မြန်မာနိုင်ငံအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းတွင်လည်း ပါဝင်လာနိုင်တယ်။ အရှေ့တောင်အာရှစီးပွားရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေး၊ ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်လေ့လာနေသူလည်း ဖြစ်တယ်။
ဆက်လက်ပြီး သူမရဲ့ အိပ်မက်အကြောင်းကို “ကုမ္ပဏီကြီးတခုတည်ထောင်လာနိုင်ဖို့ ရည်မှန်းထားတယ်၊ ကြိုးစားနေတယ်။ လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ဖို့ရယ်၊ ကောင်းမွန်စွာ လုပ်ကိုင် စားသောက်တဲ့ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်ဖို့လည်း အလေးထားကြိုစားလုပ်ဆောင်နေပါတယ်“။
တိုးတက်နေတဲ့ ခေတ်ကာလမှာ လိုအပ်နေတဲ့ပညာရပ်များကို ဖြည့်နေရကြောင်းကို “အမြဲတိုးတက်ပြောင်းလဲ နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ပြီး အလုပ်လုပ်နေရင်းစီးပွါးရေး ပြောင်းလဲတိုးတက်မှုနောက် လိုက်နိုင်ဖို့ အတွက်လည်း Master of Business Administration ပညာရေးကိုတက်နေဆဲပါ“။
အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင် ဒေါ်ဂျာအောန်လုဟာ နှစ်ပေါင်း (၁၇) နှစ်အတွင်း ကျောင်းသားပေါင်း (၅၀၀) ကျော် ခန့်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး၊ လက်ရှိမှာလည်း အမျိုးသမီးအဖွဲ့အစည်းဖြစ်တဲ့ ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက်မှာ နည်းပြအနေဖြင့် ပါဝင်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
