အရှေ့ဉရောပမှ တရားမျှတမှုအတွက် တိုက်ပွဲဝင်သော အမျိုးသမီး( ဇူဇန်နာ ချပူတိုဗာ)

You are currently viewing အရှေ့ဉရောပမှ  တရားမျှတမှုအတွက်  တိုက်ပွဲဝင်သော အမျိုးသမီး( ဇူဇန်နာ ချပူတိုဗာ)
💙အသက် (၄၇) နှစ်အရွယ်မှာ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာတဲ့ ဇူဇန်နာချပူတိုဗာ (Zuzana Caputova)ကို ဆလိုဗားကီးယား နိုင်ငံရဲ့ အဲရင်းဘရို့ခါဗစ် (Erin Brockovich) လို့တင်စားကြပြီး တရားမျှတမှုအတွက် ခိုးကိုးရာမဲ့နေချိန်မှာ တစ်ခုတည်းသော နိုင်ငံရေးမျှော်လင့်ချက်လည်း ဖြစ် နေပါတယ်။
 
💙ဒီလိုဖြစ်လာဖို့အတွက် စီးပွားရေးအစုအဖွဲ့ကြီးတွေနှင့် နိုင်ငံရေးအာဏာရှိသူတွေရဲ့ ဉပဒေမဲ့ လုပ်ရပ်များကို လှုပ်ရှားတက်ကြွသူအဖြစ်နဲ့ အနိုင်ယူတားဆီးနိုင်ခဲ့တဲ့ သာဓကလည်းများစွာရှိပါတယ်။ အဲဒါတွေကြောင့် အမေရိကန် နာမည်ကြီး ဖော(မ့်)မဂ္ဂဇင်း ရဲ့ စွမ်းအားကြီး ကမ္ဘာ့အမျိုးသမီးအယောက် (၁၀၀) မှာ (၈၄) ဦးမြောက် အမျိုးသမီးတစ်ဉီးအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါသေးတယ်။
💙ဆလိုဗားကီးယားနိုင်ငံသည် ဥရောပအလယ်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံငယ်လေး တစ်ခုသာဖြစ် သော်လည်း သမိုင်းတလျှောက် နိုင်ငံရေးခရီးကြမ်းပေါင်းများစွာကို ဖြတ်သန်းခဲ့ရပါတယ်။ ကွန်မြူနစ် အုပ်ချုပ်မှုကို ၁၉၈၉ခုနှစ် ကတ္တီပါတော်လှန်ရေးဖြင့် အဆုံးသတ်နိုင်ခဲ့ပြီးနောက်မှာတော့ ချက်ဂို ဆလိုဗားကီးယားနိုင်ငံမှ ခွဲထွက်ပြီး ဆလိုဗားကီးယားအဖြစ် သီးသန့်ရပ်တည်လာခဲ့ပါတယ်။
 
💙သို့သော်လည်း ဒုစရိုက်ဂိုဏ်းများနှင့် လက်ဝဲစွန်းနိုင်ငံရေးသမားများရဲ့ အာဏာအလွှဲသုံးစား ပြုလုပ်မှုများကတော့ ကွန်မြူနစ်အလွန်မှာ လူငယ်နိုင်ငံရေးသမားများနဲ့ လှုပ်ရှားတက်ကြွသူများမှ အဓိကဖြေရှင်းရမယ့် တစ်ခုတည်းသော နိုင်ငံရေးပြသာနာ ဖြစ်လာနေပါတယ်။
 
💙ထိုကာလများအတွင်း ကြီးပြင်းလာခဲ့တဲ့ ဇူဇန်နာဟာ တက္ကသိုလ်တက်ရောက်စဉ်ကာလများ ကတည်းက လူတွေရဲ့အခက်ခဲကို ကူညီဖို့တစ်ခုတည်းအတွက်နဲ့ ဥပဒေဘာသာရပ်ကို လေ့လာ ဆည်းဖူးခဲ့တယ်လို့ဆိုပါတယ်။ ထိုအချိန်က သူမဇာတိဖြစ်တဲ့ ပေးစီနော့် (Penzinok) မြို့ငယ်လေးရဲ့ လူနေအိမ်အနီးနားတွေမှာ အန္တရယ်များတဲ့ အညစ်အကြေး တရားမဝင်စွန့်ပစ်မှုကြောင့် ဒေသခံတွေ ကျန်းမာရေးချို့တဲ့ပြီး အခြားဒေသများထက် ကင်ဆာဖြစ်ပွားမှု (၈၀)ရာခိုင်နှုန်းခန့် မြှင့်တက်နေခြင်းကို သူမ သတိထားမိခဲ့ပါတယ်။
 
💙သူမနဲ့နီးစပ်သူတချို့လည်း ကင်ဆာရောဂါခံစားခဲ့ရပြီး သူမကလေးတွေလည်း ‌ရောဂါဖြစ်မှာ စိုးတာနဲ့ ပြတင်းတခါးမဖွင့်ဘဲထားခဲ့ကြောင်း ဂိုလ်းမဲလ်းသဘာဝပါတ်ဝန်းကျင်ဆိုင်ရာဆုပေးတဲ့ အဖွဲ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ဖူးပါတယ်။
 
💙စွန့်ပစ်နေရာအပေါ်ရင်းနှီးမြှပ်နှံမှုက အနောက်ဥရောပနိုင်ငံများပါ လာရောက်စွန့်ပစ်နိုင်လောက် တဲ့အထိ ရင်းနှီးမြှပ်နှံမှုပမာဏများသည်သာမကဘဲ အစိုးရပါတီထိပ်ပိုင်း‌ခေါင်းဆောင်များရဲ့ ထောက်ခံမှု ပါရရှိထားတဲ့အတွက် သူမအနေဖြင့် ဆယ်စုနှစ်တစ်ခုလောက် အချိန်ယူပြင်ဆင်ခဲ့ရပါတယ်။
 
💙“ အမှိုက်ကငါတို့မြို့နဲ့မဆိုင်ဘူး “ ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ပေးစီးနော့မြို့ ရဲ့ ဝိုင်ထုတ်လုပ်သူများ အတိုင်းအဝန်းကို ပထမဆုံး စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီး လူထုလှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒေန္တရအာဏာပိုင်တွေက သူမရဲ့ လူထုစည်းရုံးလှုံ့ဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည်ကြပါသေးတယ်။ ဒါပေမယ့် ဒေသခံလူထု ၅၇,၀၀၀ ကျော်ရဲ့ ထောက်ခံလက်မှတ်ရရှိလာချိန်မှာတော့ ဒေသအာဏာပိုင်တွေလည်း ရုတ်တရက်ဆိုသလို စိတ်ကူး ပြောင်းပြီး သူမအစီစဉ်ကို ထောက်ခံလာကြပါတယ်။ နောက်ပိုင်းမှာတော့ နှစ်ပေါင်းများစွာ တရားမဝင် အမှိုက်စွန့်ပစ်တဲ့ လုပ်ငန်းတစ်ချို့ရပ်ဆိုင်းခဲ့ပြီး သူမအဆိုပြုခဲ့တဲ့ မြေအသုံးချမှု အဆိုပြုလွှာလည်း အောင်မြင်ခဲ့ပါတယ်။
 
💙လူထုအနေဖြင့် သူမကို ဆလိုဗားကီးယားရဲ့ အဲရင်းဘရို့ခါဗစ် (အလုပ်လက်မဲ့ အိမ်ထောင်ကွဲ မိခင်တစ်ဉီးဖြစ်သူ လက်ထောက် ဥပဒေအရာရှိတစ်ဉီးအဖြစ် အလုပ်လုပ်ရင်း ကယ်လီဖိုးနီးယား ဓါတ်အားပေးစက်ရုံတစ်ခုကြောင့် ရေထုညစ်ညမ်းလာမှုကို အောင်မြင်စွာကိုင်တွယ်ခဲ့တဲ့ ရုပ်ရှင်ဇတ်လမ်းမှ အမျိုးသမီးဇာတ်ကောင်) ဆိုတဲ့ ဘွဲ့ကိုပေးခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ် ဂိုလ်းမဲလ်းသဘာဝပါတ်ဝန်းကျင်ဆိုင်ရာဆု (Goldman Environmental Prize) ကို ရရှိခဲ့ပါသေးတယ်။
 
💙၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒုစရိုက်ဂိုဏ်းများနဲ့ နိုင်ငံရေးသမားများ လက်ဝါးချင်းရိုက် အာဏာအလွှဲသုံးစားလုပ်တဲ့ ကိစ္စတစ်ခုကို လိုက်လံစုံစမ်းဖော်ထုတ်နေတဲ့ လူငယ်သတင်းသမားတစ်ဦး အသတ်ခံရမှုဟာ ဆလိုဗားကီးယားလူထုရဲ့ နှစ်ကာလာကြာအထွေထွေ မကျေနပ်ချက်များကို တည့်တိုး စိန်‌ခေါ်သလိုဖြစ်နေပါတယ်။ သောင်းကျော်သော လူထုသည့် လမ်းမပေါ်ထွက်ပြီး တရားမျှတမှုအတွက် ဆဒ္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒါဟာ ကတ္တီပါလူထုလှုပ်ရှားမှုအလွန် အင်းအားအကြီးဆုံး လူထုလှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။
 
💙ယင်းလူထုလှုပ်ရှားမှုမှတဆင့် ဇူဇန်နာကို နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ဆဒ္ဒမဲပေးခဲ့ကြပါတယ်။ သူမအနေနဲ့ တော့ လက်ဝဲစွန်းကျတဲ့ နိုင်ငံ‌ရေးအယူဆတွေနဲ့ ထိပ်တိုက်ဖြစ်မယ့် ပဠိပက္ခတွေထက်စာရင် အများစုတွဲလုပ်နိုင်တဲ့ ကိစ္စရပ်တွေကို ဦးစားပေးဖို့နဲ့ ကိုယ်ကျိုးကြည့် နိုင်ငံ‌ရေး ကနေခွာဖို့ လမ်းကြောင်းပြသနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
 
💙ဆဒ္ဒမဲနှင့် ပါတ်သက်ပြီး စစ်တမ်းကောက်ယူသူများကတော့ ဇူဇန်နာဟာ အမျိုးသမီးဖြစ်မှုအပေါ် အားပေးတဲ့ သူတွေရဲ့ မဲတွေကို ရယူနိုင်တဲ့အပြင် စဉ်းစားဆုံးဖြတ်ပြီး မဲပေးမယ့်သူတွေကိုလည်း နိုင်ငံရဲ့ တရားမျှတမှုကို အတူရှာကြဖို့ တိုက်တွန်းစည်းရုံးနိုင်ခဲ့တယ်လို့ ချီုးကျူးကြပါတယ်။
 
💙သို့သော်လည်း အစွန်းရောက်လက်ဝဲ နိုင်ငံရေးအယူအဆများနှင့် တင်းကြပ်သည့် ဘာသာ‌‌‌ရေး အယူအဆများကြားမှာ သူမရဲ့ ကြိုးစားအားထုတ်မှုများကတော့ သေးငယ်တဲ့ ရေပွက်ပမာ ဖြစ်နေပါသေးတယ်။ နိုင်ငံရဲ့အမြစ်တွယ်နေတဲ့ အာဏာတလွှဲအသုံးချမှုများကလည်း သူမရဲ့ မိသားစု လုံခြုံ‌ရေးကိုပါ ခြိမ်းခြောက်ခံနေရကြောင်း ဆိုပါတယ်။
 
💙လက်ရှိမှာတော့ သူမသမီးလေး နှစ်ယောက်ကတော့ ရဲဌာနရဲ့ ကာကွယ်စောက်ရှောက်မှုနဲ့ နေရပါတယ်။ သူမအနေဖြင့် ပြီးခဲ့တဲ့၂၀၂၃ခုနှစ် ‌ရွေးကောက်ပွဲမှာ အရွေးမခံတော့ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ပေမယ့် တရားမျှတမှုစံတန်ဖိုးထားတွေကို ဆက်လက်ကာကွယ်သွားမှာဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေကို နောက်ဆုံး အသိ‌ပေးခဲ့ပါတယ်။
 
📝ကိုးကားချက်များ📝
https://www.aljazeera.com/news/2020/2/26/slovakia-seeks-escape-from-corruption-black-hole
https://www.economist.com/europe/2019/03/21/a-young-liberal-is-poised-to-win-slovakias-presidency
https://www.european-views.com/2019/03/fight-to-end-corruption-puts-zuzana-caputova-on-course-to-become-president-of-slovakia/
https://www.washingtonpost.com/opinions/2019/10/15/slovakias-president-suggests-way-out-worlds-populist-quagmire/
https://www.washingtonpost.com/world/2019/04/01/hailed-by-liberals-slovakias-new-female-president-is-under-lot-pressure-turn-tide-populism/
https://www.intellinews.com/slovak-president-says-she-won-t-stand-for-re-election-282309/
https://www.goldmanprize.org/blog/qa-zuzana-caputova/