🤎အာရပ်ကမ္ဘာမှ ငြိမ်းချမ်းရေးမိခင် 🤎

You are currently viewing 🤎အာရပ်ကမ္ဘာမှ ငြိမ်းချမ်းရေးမိခင် 🤎
🤎အမျိုးသမီးအခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်လာပြီဆိုရင် အာရပ်ကမ္ဘာဟာ နာမည်ဆိုးနဲ့ လူသိများကြပါတယ်။ အမျိုးသမီးများ ကားမောင်းခွင့်၊ ဘောလုံးကန်ခွင့်များအတွက် ဆန့်ကျင်ဆန္ဒပြမှု များဟာ မြန်မာနိုင်ငံလိုမျိုးမှာနေထိုင်တဲ့ သာမန်ပြည်သူတစ်ဉီးအတွက်တောင်မှ အံသြစရာဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။
 
🤎အာရပ်နိုင်ငံများရဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ရဲမဲန်နိုင်ငံ(Yemen)မှာတော့ တခါတရံတုန်းဆီက ဘုရင်မရှီဘာ (The Queen of Sheba)လို ဩဇာသိက္ကမ ကြီးမားတဲ့ အမျိုးသမီးခေါင်းဆောင်များလည်း ရှိခဲ့ပါတယ်လို့ စောဒကတက်ချင်သူများလည်း ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဘာသာရေးအယူသီးမှု၊ နိုင်ငံရေးအစွန်းရောက်မှုများ ပြည့်နှက်နေတဲ့ မျက်မှောက်ခေတ် ရဲမဲန်နိုင်ငံ မှာတော့ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်လာနိုင်ဖို့ ‌ရေခံမြေခံမရှိဘူးလို့ပဲ ယေဘုယျ မှတ်ချက် ချစရာ ဖြစ်နေနိုင်ပါတယ်။
 
🤎ဒါတွေကို ဆန့်ကျင်ပြီး စနစ်ဆိုးကြီးကို ငြိမ်းချမ်းတဲ့နည်းနဲ့ အနိုင်ယူဖို့ တာဝခါလ်ခါရ်မန် (Tawakkol Karman)ဆိုတဲ့ အမျိုးသမီးတစ်ဦးကို ရဲမဲန်နိုင်ငံက ရာစုသစ်ရဲ့ ရှီဘာဘုရင်မအဖြစ် မွေးဖွားပေးခဲ့ပါတယ်။ သူမကို ၁၉၇၉ ခုနှစ်မှာ ရဲမဲန်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ တေဇ်း(Taiz) မြို့မှာ မွေးဖွားခဲ့ပြီး နိုင်ငံရေးအထူးပြုမဟာဘွဲ့ကို ဆာနာတက္ကသိုလ် (Sana’a University)ကနေ ရရှိခဲ့ပါတယ်။ သူမဟာ ဥပဒေသမားဖြစ်တဲ့ဖခင်ဖြစ်သူဆီက တရားမျှမှုအတွက် ရပ်တည်လိုတဲ့ သတ္တိနဲ့ အမေဖြစ်သူဆီက မေတ္တာထားတတ်ဖို့ကို အမွေရခဲ့တယ်လို့ဆိုပါတယ်။
 
🤎အာရပ်နိုင်ငံတွေမှာတော့ သူမကို လူ့အခွင့်အရေးကိစ္စတွေမှာ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံ‌ရေးသမား၊ သတင်းသမားအဖြစ် လူသိများကြပါတယ်။ နှောင်ကြိုးမဲ့ အမျိုးသမီးသတင်းသမား များအဖွဲ့ (Women Journalists Without Chains)ကို ၂၀၀၈ ခုနှစ်လောက်က စတင်တည်ထောင်ခဲ့ပြီး သတင်းသမားအခွင့်အရေးကိစ္စနဲ့ ဘက်လိုက်မှုရှိတဲ့ ပြစ်ဒဏ်ပေးမှုတွေကို ရှု့ထောင့်ပေါင်းစုံကနေ တဆင့် တင်ပြနိုင်ခဲ့ပါတယ်။
 
🤎ရဲမဲန်နိုင်ငံကို အာရပ်နွေဦး စတင်ကူးစက်လာချိန်မှာတော့ သူမဟာ ရဲမဲန်ရဲ့ လူထုလှုပ်ရှားမှုကို ဦးဆောင်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရဲမဲန်ပြည်သူတွေကလည်း သူမသာမပါခဲ့လျှင် ရဲမဲန်ရဲ့လူထု လှုပ်ရှားမှုက ပြည့်ပြည့်စုံမှာ မဟုတ်ဘူးလို့ဆိုကြပါတယ်။ ကလေး(၃)ယောက် မိခင်ဖြစ်တဲ့ သူမဟာ ကလေးတွေကို အိမ်မှာစောင့်ရှောက်နေထိုင်ရမယ့်အစား ရဲမဲန်ရဲ့ တရားမျှတမှုအတွက် ဆဒ္ဒပြစခန်း မှာပဲ ‌‌‌ နေထိုင်ခဲ့ပါတယ်။ အာဏာပိုင်တွေက သူမကို ရုတ်တရက်ဖမ်းဆီးခဲ့ပြီး ဆန့်ကျင်ဆဒ္ဒပြမှုတွေမှာ ဆက်လက်မပါဝင်ဖို့ လက်မှတ်ရေးထိုးခဲ့ရင် ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ညှိနှိုင်းခဲ့သော်လည်း သူမဟာ အဆိုပါကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး ထောင်ထဲမှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။ အဲဒါတွေကြောင့် လူထုက သူမကို တော်လှန်ရေးရဲ့ မိခင်လို့ တင်စားခေါ်ဝေါ်လာကြပါတယ်။
 
🤎အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေမှာ ထူးခြားတဲ့ စွမ်းရည်တွေရှိတတ်ကြပါတယ်။ ရက်စက် ကြမ်းကြုတ်မှုကို မကြောက်တတ်တဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကို လူတွေက မြင်တဲ့အချိန် မှာတော့ တုန်လှုပ်ခြောက်ခြားကုန်ကြပါတယ်။ ဒါဟာ အမျိုးသမီးတစ်ဉီးအနေနဲ့ မတရားမှုကို ရင်ဆိုင်နိုင်ဖို့ လုံလောက်တဲ့ခွန်အားတစ်ရပ် ဖြစ်တယ်လို့ သူမခံယူထားပါတယ်။
 
🤎၂၀၁၁ ခုနှစ်မှာတော့ ရဲမဲန်တော်လှန်ရေးကို ကုလသမ္မဂအထွေထွေအတွင်းရေးမှူးချုပ် ရုံးထိုင်ရာ နယူးရောက် အထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး အသက် ၃၂နှစ် အရွယ်မှာ အသက်အငယ်ဆုံး ငြိမ်းချမ်းရေးဆိုင်ရာ နိုဘလ်ဆုရှင်ဖြစ်လာခဲ့ပါတယ်။ ငြိမ်းချမ်း‌ရေးလိုလားသူဖြစ်တဲ့အတွက် ရှုပ်ထွေးတဲ့ပဠိပက္ခတွေထဲ အဖိုးအခနည်းနည်းနဲ့ ရုန်းထွက်နိုင်ဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ အကြမ်းမဖက်တဲ့ နည်းလမ်းပဲ ရှိတယ်လို့ သူမဆိုပါတယ်။
 
🤎ရဲမဲန်အရေးအခင်းအလွန်မှာတော့ သူမဟာ အမျိုးသားနိုင်ငံရေးဆွေးပွဲ အကြိုပြင်ဆင်မှုမှာ အဖွဲ့ဝင်တစ်ဉီးဖြစ်လာခဲ့ပြီး ညှိနှိုင်းရေးဘုတ်ကော်မတီမှာလည်း ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း ငြိမ်းချမ်းရေးလမ်းကြောင်းတိုင်းက အမြဲဖြောင့်ဖြူးနေတာတော့မဟုတ်ပါဘူး။ လူထုဆဒ္ဒပြပွဲ တစ်လျှောက် ပူးပေါင်းပါဝင်ခဲ့တဲ့ ဟူဒ်းသီလက်နက်ကိုင် (Houthi Militia) တွေက ဘက်ပြောင်းပြီး အစိုးရအဖွဲ့နဲ့ မြို့တော်ကို သိမ်းပိုက်ချိန်မှာတော့ ငြိမ်းချမ်းရေးလမ်းကြောင်းလည်း အကြမ်းဖက်မှုတွေ ဆီကို ဦးတည်သွားခဲ့ပြီး နိုင်ငံလည်း ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းအကြုံရ ဆုံးနိုင်ငံအဖြစ်ကို ဦးတည်သွားခဲ့ပါတယ်။ သူမက‌တော့ တော်လှန်‌ရေးတိုင်းမှာ တန်ပြန်တော်လှန်မှု တွေရှိပြီး ဒါတွေဟာ တော်လှန်‌ရေးရဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်တယ်လို့ဆိုပါတယ်။
 
🤎လက်ရှိမှာတော့ ကလေး (၃) ဦးရဲ့မိခင် နိုဘယ်ဆုရှင်ဖြစ်တဲ့ သူမဟာ လူ့အခွင့်အရေးတွေကို ဆက်လက်ဆောင်ရွက်လျှက်ရှိပြီး မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေနဲ့ အတူယှဉ်တွဲနေထိုင်မှုကိုလည်း အမြဲတိုက်တွန်း လုပ်ဆောင်လျက်ရှိနေပါတယ်။ သူမကလေးတွေရဲ့ အနာဂတ်နဲ့ ပါတ်သက်ပြီးလည်း နိုင်ငံသားတာဝန်သိဖို့နဲ့ အမှန်တရားဘက်မှာရပ်တည်ဖို့ အမြဲလမ်းပြလျှက်ရှိပြီး သူမလိုဖြစ်လာဖို့ ကတော့ သူတို့တွေရဲ့ ဆုံးဖြတ်ချက်က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။
 
✍✍ကိုးကား
 
https://rfkhumanrights.org/tawakkol-karman
https://www.tawakkolkarman.net/texts/speeches/3729-speech-by-mrs-karman-on-11th-anniversary-of-february-revolution
https://undispatch.com/nobel-prize-speec/
https://courier.unesco.org/en/articles/tawakkol-karman-non-violence-common-denominator-all-my-actions
https://tawakkolkarman.net/enabout