ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း

You are currently viewing ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ အသက် ၁၀ နှစ် မှ ၁၉ နှစ်အတွင်းရှိသူများကို ဆယ်ကျောက်သက်(မြီးကောင်ပေါက်) အရွယ် ဟုသတ်မှတ်ထားပါသည်။ ဤဆယ်ကျော်သက်အရွယ်သည် ကလေးလေးအရွယ်မှ လူကြီးအဖြစ်သို့ အရွယ်ရောက် လာသည့်အချိန်ကာလဖြစ်သည်နှင့်အညီ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာမှာလည်း ထူးခြားသည့် ပြောင်းလဲမှု ဖြစ်စဉ်များဖြစ်ပေါ်သည့်ကာလဖြစ်သည်ကို တွေ့ရှိရသည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအပိုင်းမှာ – ကလေးလေးအရွယ်မှ ထူးခြားပြီး မိန်းကလေး၊ ယောက်ျားလေးနှင့် သက်ဆိုင်ရာအစိတ်အပိုင်းများ ပြောင်းလဲဖွံ့ဖြိုးလာသည်။ ယောက်ျားလေးများသည် အသက် ၁၀ – ၁၅ နှစ်ကြား လူပျိုတော်ဝင်လာပြီး၊ မိန်းကလေးများသည် အသက် ၉ – ၁၈ နှစ်ကြား အပျိုတော်ဝင်လာကြသဖြင့် ဓမ္မတာ စလာကြသည်။ ဒီလို ဆယ်ကျော်သက်အရွယ်မှာ မိမိတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေလိုစိတ်၊ သက်တူရွယ်တူတွေနဲ့ ရင်းနှီးပြီး မှီခိုလိုစိတ်၊ အိမ်ရှိ လူကြီးမိဘတို့၏ပြောဆိုမှုများကို လွန်ဆန်လိုသည့်စိတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ အထူးသဖြင့် ကိုယ့်အားကိုယ်ကိုးစိတ်နှင့် အချစ်ရေးကိစ္စ၊ လိင်ဆက်ဆံသည့်ကိစ္စများကို စိတ်ဝင်စားခြင်း၊ စိတ်ကူးယဉ်ပြီး သာယာခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ကြပါသည်။ ဒီလို အရွယ်ရောက်လာတဲ့အချိန်မှာ မျိုးပွားခြင်းဆိုင်ရာကျန်းမာရေး ဗဟုသုတများကို မှန်ကန်သောနည်းလမ်းနဲ့ မရရှိခဲ့ တာကြောင့် ကြုံတွေ့လာနိုင်တဲ့ပြဿနာတွေ များပြားလှပါတယ်။ ထိုအရာတွေထဲမှာ ဆယ်ကျော်သက်ကိုယ်ဝန် ဆောင်ခြင်းပြဿနာသည် ကြုံတွေ့ရသည့်သူကိုယ်တိုင်သာမကဘဲ မိသားစု၊ လူမှုအသိုက်အဝန်းနဲ့ နိုင်ငံအတွက် အခက်ခဲပြဿနာများ နည်းလမ်းပေါင်းစုံဖြင့် ထိခိုက်လာနိုင်တာကို တွေ့မြင်ရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ နှစ်စဉ် ကမ္ဘာပေါ်မှာ အသက် ၁၀ – ၁၉ နှစ်ကြားရှိ ဆယ်ကျော်သက် မိန်းကလေးများ ၂၁-သန်းဝန်းကျင် ကိုယ်ဝန်ဆောင်မှုဖြစ်ပွားလျှက်ရှိပြီး၊ ၎င်း၏ ထက်ဝက်မှာ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ရလာသည့် ကိုယ်ဝန်များဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ဆယ်ကျော်သက် အရွယ်တွေအနေနဲ့ ကိုယ်ဝန်ရလာပြီး အိမ်ထောင်တစ်ခုထူထောင်ရန်မှာ မလွယ်ကူလှပါ။ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ စဉ်းစားတွေးခေါ်ပုံများသည် ဆယ်ကျော်သက်မှာ ကိုယ်ဝန်ရလာလျှင် တာဝန်ယူပြီး စီမံခန့်ခွဲရန် မသင့်လျော်သေးသည့်အရွယ် ဖြစ်ပါသည်။ အရွယ်မရောက်သေးသည့် မိန်းကလေးများ၏ သားအိမ်သည် ကျန်းမာ ရေးနှင့်အညီ မွေးဖွားနိုင်ရန် အဆင်သင့်မဖြစ်သေးပါ။ စိတ်ပိုင်းဆိုင်ရာမှာလည်း ဆယ်ကျော်သက်တွေအနေနဲ့ ဖြစ်လာ တဲ့ အခက်ခဲပြဿနာတွေကို နည်းလမ်းမှန်မှန်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှုမှာ အားနည်းနေသေးသည်ကို တွေ့ရှိရပါတယ်။
မိန်းကလေးများ ဓမ္မတာလာပြီးချိန်၊ မလာမှီအချိန် ဘယ်အချိန်မှာဖြစ်ပါစေ အကာအကွယ်၊ သားဆက်ခြားနည်းလမ်း တွေကိုမသုံးဘဲ လိင်ဆက်ဆံလျှင် ကိုယ်ဝန်ရလာနိုင်တာဖြစ်ပါတယ်။ အဓိကပြဿနာမှာ ဒီအသက်အရွယ်မှာ စမ်းသပ် လိုစိတ်၊ သိလိုသည့်စိတ်တွေများတာကြောင့် မိမိပတ်ဝန်းကျင်မှာအတူနေထိုင်တဲ့ အပေါင်းအသင်းတွေက မဟုတ် မမှန်တဲ့ နည်းလမ်းတွေပြပေးခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာများကို နည်းလမ်းမှန်မှန်နဲ့ ရနိုင်တဲ့ နေရာများ မရှိခြင်းကြောင့် မဖြစ်သင့်သည့်ပြဿနာများ ကြုံတွေ့နေရတာကို တွေ့ရှိရပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖွားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေလည်း များလှပါတယ်။
– ဆယ်ကျော်သက်အရွယ်သည် ကျောင်းပညာသင်ယူနေရသည့်အရွယ် ဖြစ်သည့်အတွက် ဒီလိုပြဿနာများ ဖြစ်လာပါက ကျောင်းမှ နားခြင်း၊ ကျောင်းထွက်လိုက်ရခြင်း တို့ကြောင့် အတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ယူနိုင်ခြင်း။
– လူမှုပတ်ဝန်းကျင်မှာလည်း ပြစ်တင်ကဲ့ရဲ့ခြင်း၊ အထင်အမြင်သေးခြင်းတွေကို ခံရနိုင်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကိုယုံကြည်မှု အားနည်းလာခြင်း၊ စိတ်ပျက်ခြင်း နှင့် စိတ်ဓါတ်ကျခြင်းတွေ ခံစားရနိုင်ပြီး၊ နောက်ဆုံး မိမိကိုယ်ကို သတ်သေတဲ့အထိ ဖြစ်လာနိုင်ပါသည်။
– ဆယ်ကျော်သက် ကိုယ်ဝန်ရလာသူ အများစုမှာ ဆေးရုံသို့ မသွားရဲ၊ ဆေးရုံသွားပြီး ကိုယ်ဝန်ပြရမည်ကို မသိ နားမလည်တတ်ကြပေ။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အားအင်ဖြည့်ပေးတဲ့အစားအစာတွေ စားဖို့၊ အန္တရယ်ရှိတဲ့ လက္ခဏာတွေဖြစ်လာရင် ဆေးရုံသို့အချိန်မှီသွားရန် မသိခြင်းတို့ကြောင့် မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါသည်။
– အတန်းပညာ အားနည်းတာကြောင့် ဝင်ငွေရရန်အခွင့်အလမ်းများ နည်းလာပြီး၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှာလည်း သူတစ်ပါး၏ လိမ်လည်လှည့်ဖြားမှုများ တွေ့ကြုံရနိုင်ပါသည်။
– အသက်ငယ်ရွယ်သည့်အချိန် အိမ်ထောင်ပြုခြင်းကြောင့်၊ နောက်ပိုင်းတွင် အိမ်ထောင် မတည်မြဲသည့် ပြဿနာလည်း ရှိလာနိုင်ပါသည်။
– လူမှုပတ်ဝန်းကျင်၏ ပြစ်တင်ကဲ့ရဲ့မှု နှင့် မိသားစုဝင်များ အမျက်ဒေါသထွက်မှာကို စိုးရိမ်ကြောက်ရွံ့မှုကြောင့် သိုသိုသိပ်သိပ် နဲ့ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေပြီး နောက်ဆုံး အသက်သေဆုံးသည် အထိဖြစ်လာနိုင်ပါသည်။ ဒါကြောင့် နိုင်ငံတွင်း အသက် ၅-နှစ်အောက် ကလေး နဲ မိခင်များ သေဆုံးနှုန်းလည်း မြင့်မားလာနိုင်ပါသည်။
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းဖြစ်လာလျှင် မကောင်းသော၊ မသင့်တော်သော အကြောင်းအရာ ပြဿနာ များကိုသာ တွေ့ကြုံခံစားရသည်ကို တွေ့ရှိရပါသည်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း မဖြစ်အောင် ကာကွယ်ရန်နည်းလမ်းမှာ အိမ်ထောင်မပြုခင်၊ အသက်မပြည့်ခင် လိင်ဆက်ဆံခြင်းကို ရှောင်ရှားရပါမည်။ အကယ်၍ မရှောင်ရှားနိုင်ပါက အကာအကွယ်ယူခြင်း(ကွန်ဒုံး) ကို နည်းလမ်းမှန်ကန်စွာ အသုံးပြု၍ ဆက်ဆံရန် အရေးကြီးပါသည်။ ဤသို့ဖြင့် ကိုယ်ဝန်ရလာခြင်းနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်သည့်ရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
ဒါ့အပြင် ကျွန်တော်/မတို့ လူမှုအဖွဲ့အစည်းများအနေနှင့်လည်း ဆယ်ကျော်သက်လူငယ်များကို မျိုးဆက်ပွား ကျန်းမာရေး နှင့်ဆိုင်သော မှန်ကန်သည့် အသိပညာများကို သင်ကြား၊မျှဝေပေးရန် လိုအပ်ပါသည်။ အရွယ်ရောက် မိန်းကလေး၊ ယောက်ျားလေးများသည် တန်းတူ အခွင့်အရေးနှင့် အခွင့်အလမ်းများ ရသင့်သည်၊ ရ ရမည် ဟု နိုင်ငံတကာ ကလေးများဆိုင်ရာ အခွင့်အရေး ညီလာခံမှ အတည်ပြုပြဌာန်းထားပါသည်။ အသက်ရှင်ရပ်တည်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ လုံခြုံမှုအတွက် ကာကွယ်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် စသည်တို့ ပါရှိပါသည်။ ဆယ်ကျော်သက် များ၏ အသက်ရှင်ရပ်တည်ခွင့် နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်များ ရှိသည်နှင့်အညီ အပျို၊လူပျိုဖော် ဝင်လာချိန်သည့် အချိန်တွင် အသက်အရွယ်အလိုက် သိသင့်သော မျိုးဆက်ပွားကျန်းမာရေးအကြောင်းကို သင်ယူလေ့လာနိုင်ရန် အားလုံးဝိုင်းဝန်းစဉ်းစားလျှက် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်နှုန်း လျှော့ကျလာရေးအတွက် အားလုံးကြိုးစား အားထုတ်သွားရန် လိုအပ်နေပြီ ဖြစ်ပါသည်။

ကိုးကားချက် – https://www.who.int/