အမှိုက်ကနေ စီးပွားရေးလုပ်ငန်းတည်ထောင်သူ

You are currently viewing အမှိုက်ကနေ စီးပွားရေးလုပ်ငန်းတည်ထောင်သူ
👉လူတွေရဲ့ စွန့်ပစ်ထားတဲ့ အမှိုက်ကနေ စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့မိပါဘူး။
စွန့်ပစ်ပစ္စည်းဆိုပြီးပြောဆိုတဲ့အခါမှာ မသန့်ရှင်းတဲ့အရာ၊ အသုံးမဝင်တဲ့ ပစ္စည်းလို့ လူတွေက ထင်ကောင်းထင်ပါလိမ့်မယ်။
ဒါပေမယ့် မနော်အယ်ဝါ တစ်ယောက်ကတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ လူတွေရဲ့ စွန့်ပစ်အမှိုက်ကနေ စီးပွားရေး တစ်ခုကို စွန့်ဉီးတီထွင်နိုင်ခဲ့သလို လုပ်ငန်းခွင်မှာလည်း ဦးစီးဆောင်ရွက်နေရတဲ့သူတစ်ဉီးလည်းဖြစ်ပါတယ်။
သူမဟာ ၂၀၁၄ခုနစ်ကနေ စတင်ပြီး လူတွေ မလိုအပ်ဘဲ စွန့်ပစ်ထားတဲ့ ရေသန့်ဗူးခွံ၊ မဂ္ဂဇင်းဟောင်း၊ သတင်းစာ စက္ကူအဟောင်း နဲ့ လက်ကျန် ပိတ်စတွေကို အခြေခံအသုံးပြုပြီး စီးပွားရေး တစ်ခုကို အောင်မြင်စွာ တည်ထောင်လာခဲ့ပါတယ်။
👉“ အဓိကတော့ စွန့်ပစ်ပစ္စည်းတွေကနေ လူသုံးကုန်ပစ္စည်းဖြစ်အောင် အဆင်တန်ဆာတွေလုပ်တယ်လို့ ပြောလို့ရတာပေါ့ “ လို့ Amazing Grace ဆိုင်နာမည်နဲ့ စီးပွားရေးကို တည်ထောင်ခဲ့တဲ့ မနော်အယ်ဝါက ပြောပြပါတယ်။
Amazing Grace ဆိုင်ကတော့ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။
နော်အယ်ဝါဟာ လက်မှုပညာကို ဝါသနာပါတဲ့သူဖြစ်တဲ့အလျောက် စွန့်ပစ် ပစ္စည်းတွေနဲ့ လက်ကောက် ၊ ဆွဲကြိုး ၊ နားကပ် လက်ဝတ်လက်စား ပစ္စည်းတွေကို စွန့်ဦးတီထွင်တဲ့ စီးပွားရေးကို ဦးဆောင်နေသူလို့ပြောရင် မမှားပါဘူး။
အဲ့စီးပွားရေးကို စတင်လုပ်စဉ်က မသန်စွမ်း အမျိုးသမီးတွေကို ကူညီပေးစေချင်တဲ့စိတ်၊ အမျိုးသမီးတွေကို အလုပ်ရလိုစိတ်နဲ့ စတင်လာခြင်းဖြစ်ပါတယ်။
“အစက ကျမလည်း သာမာန်ဝန်ထမ်းတစ်ယောက်ပဲ။ ကျမက လက်မှုတွေလုပ်ရတာ ငယ်ကတည်းက ဝါသနာပါတယ်လေ။ အလုပ်မရှိတဲ့အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါမသန်းစွမ်းတဲ့အမျိုးသမီးတွေကို ကူညီချင်တဲ့ ဒီအိုင်ဒီယာနဲ့ ဒီလုပ်ငန်းကို စဖြစ်ခဲ့တာပေါ့” လို့ မနော်အယ်ဝါက လုပ်ငန်းရခြင်း အကြောင်းကို ပြောပြလာပါတယ်။
👉စွန့်ပစ်ထားတဲ့ပစ္စည်းတွေကို သုံးစွဲပြီး လက်မှုပစ္စည်းကို တီထွင်ရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုက နည်းပြီး အနုပညာဆန်တဲ့ ဆန်သစ်တီထွင်မှုတွေကြောင့် Amazing Grace ရဲ့ ထုတ်ကုန်ဟာ နိုင်ငံခြားအထိ စျေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပြီး ဝန်ထမ်းအများအပြားကိုပါ မနော်အယ်ဝါ တစ်ယောက်မွေးထုတ်နိုင်ခဲ့ပါတယ်။
👉“ပွင့်လင်းရာသီ နိုင်ငံအခြေအနေကောင်းတုန်းအချိန်ခါမှာ လက်မလည်အောင် ထုတ်လုပ်နေရတယ်”လို့ သူမက အတိတ်က အကြောင်းကို တီးတိုးစွာ ဆိုပါတယ်။
သူမရဲ့ လုပ်ငန်းကို အောင်မြင်လာဖို့အတွက်ကလည်း ဝါသနာတူတဲ့ မသန်စွမ်း အမျိုးသမီးဝန်ထမ်းတွေရဲ့ ကူညီဖေးမမှု ကလည်း အများကြီးပါဝင်ကြောင်း ရှင်းပြပါတယ်။
“ ကျမဆီမှာ ဝန်ထမ်းအများစုက အမျိုးသမီးတွေပဲ။ပြီးတော့ မသန်စွမ်းတဲ့အမျိုးသမီးတွေ၊ အကြားအာရုံချို့ယွင်းတဲ့ အမျိုးသမီးတွေ များတယ်”လို့ ဝန်ထမ်းတွေရဲ့ အခြေအနေကို မနော်အယ်ဝါက ပြောပါတယ်။
လုပ်ငန်းခွင်၊စီးပွားရေး တစ်ခု ရေရှည်ရပ်တည်သွားနိုင်ဖို့က ဝန်ထမ်းတွေကို စီမံခန့်ခွဲမှုက အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တဲ့အလျောက် သူမ အတွက် ကြီးလေးတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာခဲ့ပါတယ်။
👉သူမဟာ သာမာန်ဝန်ထမ်းတစ်ဉီးကနေ လုပ်ငန်းရှင်ပြောင်းလာတဲ့အချိန်မှာတော့ ဝန်ထမ်းစီမံခန့်ခွဲမှုအားနည်းခဲ့ပြီး သူမနဲ့ အတူလက်တွဲလုပ်ဆောင်သူတွေထဲက လမ်းခွဲသွားတဲ့သူတွေလည်းရှိကြောင်း ဆိုပြန်ပါတယ်။
မိမိဝန်ထမ်းတွေ အလုပ်ထွက်သွားချိန်မှာ ကိုယ့်စီမံခန့်ခွဲမှုအားနည်းမှုကြောင့်လား၊ အခြားကြောင့်လားဆိုတာ အမြဲတမ်း ပြန်လည်သုံးသပ်မှုတွေပြုလုပ်ကြောင်းလည်း မနော်အယ်ဝါ က လုပ်ငန်းခွင်ရဲ့စိန်ခေါ်မှုကိုပြောလာပါတယ်။
“ ကျမဝန်ထမ်းကတော့ အမျိုးသမီးတွေ ၊ မသန်းစွမ်းတဲ့သူတွေများတယ်ပေါ့။ ဝန်ထမ်းထိန်းသိမ်းဖို့ကတော့ ခက်တယ်။ တစ်ချို့လည်း ကိုယ်အိမ်ထောင်ရေးနဲ့ကိုယ်ဆိုတော့လည်း လက်တွဲဖြုတ်ရတာတွေလည်းရှိတယ်လေ” လို့ သူမက စိတ်မကောင်းစွာပြောပါတယ်။
လက်ရှိမှာ နိုင်ငံရေးပဋိပက္ခတွေကြောင့် လမ်းခွဲမှုတွေ၊ အလုပ်ရပ်နားမှုတွေရှိပြီး၊ အချို့လည်း အိမ်ထောင်ပြု၊ မိသားစုတွေရှိလာတဲ့အတွက် အလုပ်ကနေရပ်နားလိုက်ရသူများလည်းရှိပါတယ်။
👉သူမရဲ့ နောက်ထပ်စိန်ခေါ်မှု စိုးရိမ်မှုကတော့ “ ကျမတို့က အဆင်တန်ဆာတွေကို ထုတ်လုပ်တဲ့နေရာမှာ ကုန်ကြမ်းတွေ ကလည်း စွန့်ပစ်ပစ္စည်း ၊ လက်ကျန်ပိတ်စ ကနေတစ်ဆင့် ပြုလုပ်ရတဲ့ လက်ဝတ်လက်စားတွေ ဖြစ်တာကြောင့် ဝယ်ယူသူတွေ မရှိမှာကိုလည်း စိုးရိမ်မှုတွေဖြစ်ခဲ့တယ်”လို့ သူမက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ရှေ့ရိုးစွဲ အယူအဆတွေ ဓလေ့ထုံးတမ်းတွေ အယူသီး အလေ့အကျင့်တွေကြောင့် သုံးပြီးသားပိတ်စတွေနဲ့ လက်မှုပစ္စည်းတီထွင်တာကိုပြုလုပ်တာကို မနှစ်မြိုက်တာကို ကြုံတွေ့ရကြောင်း မနော်အယ်ဝါ က အတွေ့အကြုံတွေကို ပြောပြလာပါတယ်။
အဓိကအနေဖြင့် အင်္ကျီချုပ်ပြီးသားကျန်ရှိနေတဲ့ ပိတ်စတွေ၊ တိုင်းရင်းသားဝတ်စုံတွေချုပ်ပြီး ကျန်ရှိနေတဲ့ပိတ်စတွေဟာ အလဟသ လွှင့်ပစ်ရမယ့်တူတူ ဒီဇိုင်း ဆွဲကြိုး၊ နားကပ်၊ လက်ပတ်တွေ ပြန်ပြုလုပ်ပါက အလှတန်ဆာတစ်မျိုး ပြန်ရလာပါတယ်။
“ တစ်ချို့ကတော့ သူများသုံးပြီးတာ အဝတ်စားတွေနဲ့ ပြန်လုပ်တာလားဆိုပြီးတော့ မေးကြတယ်။ မြန်မာပြည်မှာက သူများသုံးပြီးတာ အဝတ်တွေဆိုရင် အယူသီးကျတော့ အဟောင်းတွေနဲ့တော့ ပြန်မလုပ်ဘူး။ စက်ချုပ်ဆိုင်ကပေးတဲ့ ပိတ်စအပိုတွေကနေ လုပ်တယ်။ လိုအပ်ရင်တော့ ထမိန်းတစ်ကွင်းလုံးကို ဝယ်လိုက်တာပေါ့” လို့ မနော်အယ်ဝါက ပြောပြပါတယ်။
👉အမျိုးသမီးတစ်ဉီးဖြစ်ပေမယ့် အခက်အခဲဘက်ပေါင်းစုံရှိတဲ့ကြားက သူမရဲ့ ယုံကြည်မှုကိုမလျော့သော ဇွဲလုံးလတွေနဲ့ အဆင်တန်ဆာလုပ်ကာ ကောင်းမွန်စာ လည်ပတ်နိုင်အောင် တစိုက်မတ်မတ် ကြိုးပမ်းပြီးလုပ်ဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။
အခုဆိုရင်လည်း သူမရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဝန်းထမ်းတွေအမြောက်အများမွေးထုတ်ပေးနိုင်ခဲ့ပြီး လူမှုအဖွဲ့အစည်းတွေ လက်ခံလာခဲ့ကာ လက်မှုပစ္စည်း တီထွင်ဆန်းသစ်မှု သင်တန်းတွေတောင် ပြန်လည်ပို့ချပေး နေပါတယ်။
“ကျမရဲ့ ဆိုင်တစ်ခုပဲဖွင့်တာမဟုတ်ဘူး။ သင်တန်းတွေပေးတယ်။ ကလေးသူငယ်တွေကို လက်မှုပညာ ဆက်လက် သင်ကြားပေးတာ ၊ မသန်းစွမ်းတဲ့ အမျိုးသမီးတွေကို ဝင်ငွေ ရအောင်ကူညီပေးနိုင်တဲ့ လုပ်ငန်းတစ်ခုနဲ့ ရပ်တည် နေနိုင်အောင် သင်ကြားပေးတယ်” လို့ သူမက ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက် ကျဆင်းနေမှုကြောင့် မနော်အယ်ဝါ တစ်ယောက်လည်း ဝန်ထမ်းတွေ အလုပ်လက်မဲ့မဖြစ်ရေးနဲ့ သူမရဲ့ ဆိုင်ရေရှည်ရပ်တည်ရေးအတွက်လည်း ခေါင်းခဲနေရချိန်ဖြစ်ပါတယ်။
👉“ အရင်ကဆိုရင် ကိုဗစ်မဖြစ်ခင်တုန်းက အရမ်းရောင်းရတယ်။ နိုင်ငံခြားသားတွေက ပိုလာဝယ်တာပေါ့။ ဝန်ထမ်းတွေဆိုရင်လည်း အယောက် ၃၀ အထိရှိတယ်။ ကိုဗစ် နဲ့ နိုင်ငံရေးအခြေနေတွေကြောင့် ဧည်သည်တွေလည်း ပြန်သွားတယ်။ တစ်ချို့အလုပ်ရုံလည်းပိတ်လိုက်ရတာရှိတယ်။ ဝန်ထမ်းတွေလည်း လျော့ချရတာပေါ့။ တော်တော်တော့ရုန်းကန်နေရတယ် ။လို့ သူမက လက်ရှိအခြေနေကို ပြောပြပါတယ်။
အခက်ခဲတွေများကြားမှာလည်း သူမကတော့ အမျိုးသမီးတွေကို ကိုယ်ဘေးနားမှာရှိတဲ့ ပစ္စည်းတွေနဲ့ ဘယ်လိုမျိုးဝင်ငွေရှာလို့ရမလဲဆိုတာ အမြဲစဉ်းစားပြီးတော့ ရပ်တည်နိုင်ကြပါစေလို့ အားပေးလိုက်ပါတယ်။
👉“ အမျိုးသမီးတိုင်းကတော်ကြတယ်လေ။ အမြဲတမ်းစဉ်းစားတွေးခေါ်နေဖို့အားပေးချင်တယ်။ ဥပမာ ကိုယ်ဘေးမှာရှိနေတဲ့ အရာတစ်ခုနဲ့ဘယ်လို ဝင်ငွေရအောင်လုပ်မလဲပေါ့။ ပြီးတော့ ထုတ်ကုန်တစ်ခုကိုထုတ်ပြီးတော့ မရှက်မကြောက်ပဲနဲ့ ဈေးကွက်ထဲ ထိုးဖောက်ကြည့်ပေါ့။ ကျမဆိုရင်ဘေးမှာရှိတဲ့ မဂ္ဂဇင်းစာအုပ်တွေကလည်း ကျမအတွက် ပိုက်ဆံဖြစ်နေတယ်လေ” လို့ သူမက အားပေးစကားပြောပါတယ်။