၁. မီးဘေးမှလွှတ်မြောက်လာသူ၊ အားကစားသမား၊ စာရေး ဆရာမ၊ စိတ်ဓါတ်ရေးရာ နည်းပြ Turia Pitt
၂၀၁၁ ခုနှစ်အချိန်ခါက Turia Pitt ဟာ အသက် ၂၄ နှစ်ရှိပြီး သွက်လက်ချက်ချာ တဲ့ အားကစားသမား၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင် ပြီး ဩစတြေးလျှနိုင်ငံ အနောက်ပိုင်းမှာ နေထိုင်လျှက်ရှိပါတယ်။ သို့သော် ဩစတြေးလျှရဲ့ ဝေးလံခေါင်ဖျားပြီးလူနေကျတဲ့ အရပ်မှာ ကီလိုမီတာ(၁၀၀) တာဝေးမာရသွန်ပြိုင်ပွဲဝင်နေစဉ် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်က သူ့ဘဝ တစ်သက်စာ ပြောင်းလဲသွားစေခဲ့တယ်ဆိုတာကို သူမရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာ ကနေတဆင့် သိရှိရပါတယ်။ သူဟာ မမျှော်လင့်ပဲ မြက်ရိုင်းပြင်တွေလောင်တဲ့မီးနဲ့ ကြုံတွေ့လိုက်ရပြီး မီးတွေကြားထဲမှာ ပိတ်မိနေခဲ့တယ်။ ထွက်ပြေး လွှတ်မြှောက်နိုင်ခြင်း မရှိခဲ့တာကြောင့် သူမရဲ့ ခန္ဓာကိုယ် ၆၅% ခန့်ဟာ မီးလောင်ခံခဲ့ရတယ်။ ဆရာဝန်တွေကတော့ သူမကို အသက်ရှင်မယ်လို့ မမျှော်လင့်ကြပါဘူး။
“ကျေးဇူးတရားဟာ နေ့စဉ်ဘဝမှာ ကျမကျင့်သုံးနေတဲ့ မကောင်းတဲ့ခံစားချက်တွေကို လျှော့ချတဲ့နည်းလမ်းတခုဖြစ် တယ်။ ကျေးဇူးတရားရဲ့ အံ့ဩစရာကောင်းတဲ့အချက်က သင်ဟာ ကျေးဇူးတရားကို သိနေချိန်မှာ ဒေါသထွက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျေးဇူးသိတတ်တဲ့စိတ်ရှိနေချိန်မှာ နာကျည်း၊ခါးသီးမှုကိုလည်း ခံစားလို့မရပါဘူး။ သင်ဟာ အမှန်တကယ် ကျေးဇူးသိတတ်တယ်ဆိုရင် အဲဒီ အဲဒီခံစားချက်တခုတည်းကိုပဲ သင် တွေ့ကြုံခံစားရမှာပါ။” (အကြောက်တရားကင်းသော စိတ်ခွန်အား မှ Turia Pitt ၏ ကောက်နှုတ်ချက်)
Pitt ဟာ အသက်ဘေးကနေ လွှတ်မြှောက်ခဲ့တယ်။ သူမဟာ ခန္ဓာကိုယ်တခုလုံးမှာ ပြင်းထန်တဲ့မီးလောင်ဒဏ်ရာ တွေကိုခံစားခဲ့ရတယ်၊ လက်ချောင်း ခုနှစ်ချောင်း ဆုံးရှုံးလိုက်ရတယ်၊ ၂-နှစ်ကျော်ဆိုတဲ့အချိန်ကာလတွင်းမှာ ခွဲစိတ်ကုသမှုပေါင်း ၂၀၀ ကျော် ခံယူခဲ့ရပေမဲ့၊ သူမဟာ အရောင်းရဆုံးတန်းဝင်စာအုပ် သုံးအုပ်ကို ရေးနိုင်ခဲ့ပြီး၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ထောင်နဲ့ချီတဲ့လူတွေကို ကူညီပေးခဲ့တဲ့ ဒီဂျစ်တယ်အခြေပြု လမ်းညွှန်ပို့ချမှု အစီစဉ်များကို ဖန်တီးနိုင်ခဲ့တယ်။
မီးလောင်ဒဏ်ရာကို အကြီးအကျယ်ခံရပြီး ၅-နှစ်တောင်မကြာခင်မှာပဲ Pitt ဟာ ဟာဝိုင်အီကျွန်းစုမှာကျင်းပတဲ့ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး သုံးမျိုးပါအားကစားပြိုင်ပွဲ(ရေကူး၊စက်ဘီးစီး၊အပြေး) လို့ ယူဆကြတဲ့ ‘Ironman challenge’ မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ လက်ရှိမှာတော့ သူမဟာ ရောင်းအားအကောင်းဆုံးတန်းဝင်စာအုပ်ရဲ့ စာရေးဆရာ၊ ဟောပြောသူ၊ စိတ်ဓါတ်ရေးရာနဲ့ဆိုင်တဲ့ နည်းပြ၊ အိမ်ထောင်ရှင်မ နဲ့ မိခင် တယောက်အဖြစ် ရပ်တည်နေပါတယ်။ သူမရဲ့ အွန်လိုင်း သင်တန်းအစီစဉ် ‘School of Champions’ ကနေ လူပေါင်း ၄၀၀၀၀ ကျော်ကို သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို အပြည့်အဝအသုံးချတတ်ဖို့ နည်းပြ၊သင်ကြားပေးခဲ့တယ်။
၂. Showpo ဖက်ရှင်လုပ်ငန်း တည်ထောင်သူ ‘Jane Lu’
Jane Lu ဟာ သူမရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို အောင်မြင်နေတဲ့ Ernst & Young စါရင်းဇယားလုပ်ငန်း ကုမ္ပဏီမှာ ငွေကြေးဆိုင်ရာ ဆန်းစစ် သုံးသပ်သူ အဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒါဟာ လူတချို့အတွက်တော့ အလွန်မက်မောစရာကောင်းတဲ့ အလုပ်တခု ပါပဲ။ ဒါပေမဲ့ သူမဟာ သိပ်မကြာ ခင်မှာပဲ ဒီအလုပ်အပေါ် ငြီးငွေ့လာပြီး၊ မပျော်ရွှင်တော့ပါဘူး။ ၂၀၁၀ ရောက်တဲ့အခါမှာတော့ သူမ အလုပ်ထွက်လိုက်ပြီး သူ့ဘဝကို ဒီနယ်ပယ်နဲ့လုံးဝမတူတဲ့ လမ်းကြောင်းတခုကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူမဟာ သူငယ်ချင်းတယောက်နဲ့အတူ Showpo ဆိုတဲ့ အမျိုးသမီးဖက်ရှင် ကုမ္ပဏီတခုကို သူ့မိဘတွေရဲ့ ကားဂိုဒေါင် မှာလုပ်ရင်းနဲ့ စတင်ခဲ့တယ်။ အဲဒီအချိန် သူမမှာ အကြွေး ဒေါ်လာ ၆၀၀၀၀ ကျော်လည်းရှိနေပါတယ်။
သူမရဲ့ ဆိုရှယ်မီဒီယာ နဲ့ အကြောင်းအရာတင်ဆက်မှု အရောင်းမြှင့်တင်ရေး အပေါ် စိတ်ပါဝင်စားပြီး လုပ်ကိုင်တတ် မှုကြောင့် သူမရဲ့ လုပ်ငန်းဟာ တဟုန်ထိုး တိုးတက်လာခဲ့တယ်။ နှစ်လအတွင်းမှာပဲ ဝင်ငွေရအောင်လုပ်နိုင်ခဲ့တယ်လို့ သူမဟာ Strategy Hour အသံထုတ်လွှင့်မှုအစီစဉ်မှာ ပြောပြခဲ့တယ်။ သို့သော် နှစ်အနဲငယ်အကြာမှာ သူမရဲ့ စီးပွားလုပ်ဖော်ဟာ ဒီအလုပ်ကနေ ထွက်သွားခဲ့တယ်။ Jane ဟာ သူ့အဖော်ရဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေကိုပါ ဝယ်ယူလိုက်ပြီး သူမရဲ့ စီးပွားရေးကိုလည်း အွန်လိုင်းစနစ်နဲ့ပဲ လုပ်လာခဲ့တယ်။
တစ်လအတွင်းမှာပဲ ရောင်းအားနှစ်ဆ တိုးမြင့်သွားပြီး၊ ၅-လအတွင်းမှာ သူမရဲ့ လစဉ်ရောင်းရငွေဟာ ဒေါ်လာ ၅၀၀၀ ကနေ ၁၄၀၀၀၀ အထိမြင့်တက်သွားခဲ့တယ်။ သူမဟာ သူ့ကိုယ်သူ နဲ့ သူ့စီးပွားရေးမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံခဲ့တယ်။ သူမရဲ့ စွန်းစားမှုအတွက် ထိုက်ထိုက်တန်တန်ပြန်ရခဲ့ပြီး၊ အသက် ၂၇ နှစ်အရွယ်မှာ Jane ဟာ သန်းကြွယ်သူငှေး ဖြစ်လာခဲ့တယ်။
ကျရှုံးရမှာကို မကြောက်ပါနဲ့၊ သို့သော် ဒါတွေအတွက် သင့်ကိုယ်သင် ပြင်ဆင်ထားဖို့တော့လိုတယ်။ စီးပွားရေးဆိုတာ မှားယွင်းမှုတွေ အများကြီးနဲ့ပါ။ တကယ်လို့ သင်ဟာ အမှားတခုမှ မလုပ်ခဲ့မိဘူးဆိုရင် လုံလောက်တဲ့စွန်းစားမှု မယူရ သေးလို့ပဲ။ ဒါဟာ တကယ်တော့ သင့်အမှားတွေကနေ သင် ဘယ်လောက်ထိ၊ ဘယ်လောက်မြန်မြန်ဆန်ဆန် သင်ယူ ပြီးပိုကောင်းအောင်လုပ်နိုင်ခဲ့သလဲ ဆိုတာပါပဲ။ လိုတာထက် ပိုပြီးတော့ ရင်းနှီးတာ(အချိန်၊ငွေ၊အားထုတ်မှု စသည်)၊ သံဓိငှာန်ချတာတွေ မလုပ်မိဖို့ကိုတော့ သတိထားရပါမယ်။ ဒါမှ အမှားတွေဖြစ်လာချိန် လိုအပ်တဲ့ပြင်ဆင်ပြောင်းလဲမှု တွေလုပ်ဖို့ ၊ ရှေ့ကိုဆက်သွားနိုင်ဖို့ နဲ့၊ အဲဒီသင်ယူမှုတွေကို သင့်ရဲ့ လုပ်ငန်းနဲ့ စီပွားရေးလုပ်ငန်းရှင်တယောက်အဖြစ် သင့်ကိုယ်သင်တိုးတက်ဖို့အတွက်သုံးဖို့ လုံလောက်တဲ့အရင်းအမြစ်တွေ ရှိနေမှာဖြစ်ပါတယ်။ Jane Lu (Remodista)
Jane ရဲ့ ရောင်းရမဲ့ကုန်ပစ္စည်းတွေကို ရွေးချယ်တတ်တဲ့ အစွမ်းအစ ကလည်း သူ့ရဲ့လုပ်ငန်းကို အောင်မြင်စေတယ်။ Showpo ဟာ ဩစတြေးလျှနိုင်ငံရဲ့ အရှန်အဟုန်အမြင့်ဆုံးနဲ့ ကြီးထွားလာနေတဲ့ အွန်လိုင်းအရောင်းလုပ်ငန်းမှာ တခု အပါဝင်ဖြစ်ပါတယ်။ ပြင်ပတဲ့ရန်ပုံငွေတွေ မပါပဲ၊ ဒီလုပ်ငန်းတွေကနေ ရတဲ့ငွေဟာ ၂၀၂၀ မှာ ဒေါ်လာ သန်း (၁၀၀) အထိ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ Jane ဟာ သူမရဲ့ သားလေးကို ပေါင်ပေါ်တင်ထားရင်း အလုပ်ကြိုးစားလျှက်၊ ကလေးနဲ့အတူကစား ရင်း၊ စီးပွားရေးနယ်ပယ်ထဲက အမျိုးသမီးတွေကိုကူညီရင်း ဆက်လက်ရပ်တည်နေပါတယ်။
၃. Xerox ကုမ္ပဏီ ၏ အလုပ်အမှုဆောင် အရာရှိချုပ်ဟောင်း၊ VEON ကုမ္ပဏီ ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ursula Burns
Ursula Burns ဟာ ၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ ကုမ္ပဏီ ၅၀၀ တန်းဝင် ကုမ္ပဏီရဲ့ ပထမဆုံး အာဖရိကန်-အမေရိကန် အမျိုးသမီး အလုပ်အမှုဆောင် အရာရှိချုပ် အဖြစ် သမိုင်းမှတ်တိုင်တခုကို စိုက်ထူခဲ့ပါတယ်။
ကလေးဘဝမှာ Burns ဟာ ညဏ်ရည်ထက်မြက်ပြီး သင်္ချာဘာသာကို အထူးစိတ်ဝင်စားသူဖြစ်ပါတယ်။ သူမဟာ နယူးရောက်တက္ကသိုလ်ရဲ့ သိပ္ပံနဲ့နည်းပညာကျောင်းမှာတက်ဖို့ ပညာသင်ဆုမရခင်အထိ၊ ကက်သလစ်ကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ စက်မှုအင်ဂျင်နီယာ ဘာသာရပ်နဲ့ ဘွဲ့ရပြီးနောက်၊ မဟာဘွဲ့ကိုတော့ ကိုလံဘီယာ တက္ကသိုလ်မှ ရရှိခဲ့ပါတယ်။
၁၉၈၀ ခုနှစ်မှာ တက္ကသိုလ်ဘွဲ့ရပြီးနောက် Burns ဟာ Xerox ကုမ္ပဏီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လက်ထောက်ရာထူး ရလာတဲ့အခါ Burns ဟာ ကုမ္ပဏီရဲ့ အကြီးအကဲတွေနဲ့ ထိတွေ့ဆက်ဆံဖို့အခွင့်အရေး ရရှိလာခဲ့ တယ်။ အဲဒီကနေရလာတဲ့ ပညာ၊အတွေ့အကြုံတွေက နောက်ဆုံးမှာ သူမကို ရာထူးထပ်တိုးစေခဲ့တယ်။
၁၉၉၉ ခုနှစ်မှာ သူမဟာ ကုမ္ပဏီရဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းရဲ့ ဒုတိယဥက္ကငှ ဖြစ်လာခဲ့ပြီး၊ သူရဲ့အလုပ်အဖွဲ့ဟာ လက်ရှိ ကမ္ဘာ့နေရာအသီးသီးက ရုံးတွေမှာအသုံးပြုနေတဲ့ ကွန်ရက်ချိတ်ဆက်ထားတဲ့ ပုံနှိပ်စက် ကိုတီထွင်နိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Burns ဟာ Xerox ကုမ္ပဏီရဲ့ အလုပ်အမှုဆောင် အရာရှိချုပ် ဖြစ်လာပါတယ်။
“သင်စိတ်ဝင်စားတဲ့အလုပ်ကို သိအောင်လုပ်ပါ၊ ပြီးမှ အဲဒါကို တကယ်လုပ်ချင်တဲ့နေရာကိုရှာပါ။ စိတ်ကူးအိပ်မက် ဆိုတာ တကယ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူတပါးရဲ့ အကူအညီ၊ ကောင်းမွန်တဲ့ပညာရေး၊ အလုပ်ကြိုးစားချင်တဲ့ စိတ်ဓါတ်၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားပြီး ရလာတဲ့အခွင့်အလမ်းတွေကို အသုံးချတတ်မှု ဒါတွေ မပါပဲနဲ့တော့ ဖြစ်မလာနိုင်ပါဘူး။” – Strategies for Influence မှ Ursula Burns ၏ ကောက်နှုတ်ချက်
အမေရိကန်သမ္မတ ဘားရက် အိုဘားမား က Burns အား အိမ်ဖြူတော်ရဲ့ အမျိုးသား သိပ္ပံ၊ နည်းပညာ၊ စက်မှု နဲ့ သင်္ချာ ပညာရပ်ဆိုင်ရာ အစီစဉ် (White House National STEM program) ရဲ့ ခေါင်းဆောင် အဖြစ်၊ သမ္မတ၏ အကြံပေးအဖွဲ့ဖြစ်သည့် ထုတ်ကုန်ရေးရာ ကောင်စီ (President’s Export Council) ရဲ့ ဒု-ဥက္ကငှ အဖြစ်ခန့်အပ်ခဲ့ပြီး ၂၀၁၅ – ၂၀၁၆ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Burns ဟာ အမေရိကန်နိုင်ငံရဲ့ နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေဖြစ်တဲ့ American Express ၊ Diageo ၊ Uber ၊ National Academy Foundation ၊ MIT နဲ့ အမေရိကန် အိုလံပစ် ကော်မတီ စတဲ့အဖွဲ့တွေမှာ ဘုတ်အဖွဲ့ဝင် အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ Burns ဟာ ကမ္ဘာပေါ်ရှိ အရှိန်အဝါ အရှိဆုံးအမျိုးသမီးများထဲမှ ၂ ၂-ယောက်မြောက်အဖြစ် Forbes မဂ္ဂဇင်းမှာ ဖော်ပြခြင်းကို ခံခဲ့ရပါတယ်။ သူမရဲ့စွမ်းရည်တွေဟာ လျှော့ကျသွားခြင်း မရှိပဲ၊ ၂၀၁၈ မှာတော့ VEON ကုမ္ပဏီကြီး ရဲ့ အလုပ်အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရပါတယ်။
ဒီလို လေးစားအားကျစရာကောင်းတဲ့ စီးပွားရေးလောကမှ အမျိုးသမီးတွေရဲ့ အကြောင်းတွေဟာ သင့်ကို ရှေ့ဆက်ကြိုးစားသွားဖို့ အားတက်စေပြီး၊ ခွန်အား လည်းရမယ်လို့ မိမိတို့ မျှော်လင့်ပါတယ်။ သင်သွားနေတဲ့ခရီးလမ်းမှာ ကူညီပေးဖို့ ကျမတို့ ရှိနေပါတယ်။ သင့်စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့ တန်ဖိုးရှိ တဲ့အကြံပြုချက်တွေ ပိုပြီးသိရှိလိုပါက Female Founders နဲ့ ချိတ်ဆက်လိုက်ပါ။
